နိုင်ငံတကာ ရက်သတ္တပတ်တွေ ပြီးဆုံးသွားချိန်မှာ ဘောလုံးပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ကလပ်အသင်းတွေရဲ့ အမှတ်ပေးပွဲစဉ်တွေ ပြန်လည်ရောက်ရှိလာပါပြီ။ ဒီတစ်ပတ်မှာ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်း(၃)သင်းမှာ နည်းပြအပြောင်းအလဲတွေ လုပ်ဆောင်ထားတာမို့ ဒီနည်းပြတွေရဲ့ တာထွက် ဘယ်လောက်ထိ ကောင်းမွန်နိုင်မလဲဆိုတာ စောင့်ကြည့်သွားရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Twitter

အပြောင်းအလဲ ဖြစ်ထားခဲ့တဲ့ နည်းပြတွေထဲမှာ ရိန်းဂျားစ်နည်းပြဟောင်း စတီဗင်ဂျရတ်က အက်စတွန်ဗီလာ ဗီလာနည်းပြ ဒင်းန်စမစ်က နောဝစ်ချ်စီးတီးနည်းပြနဲ့ ဘုန်းမောက်နည်းပြဟောင်း အက်ဒီဟောင်းက နယူးကာဆယ်နည်းပြအဖြစ် အသီးသီး ခန့်အပ်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နယူးကာဆယ်နည်းပြသစ် အက်ဒီဟောင်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတဲ့အတွက် ဘရန့်ဖိုဒ့်အသင်းနဲ့ ရင်ဆိုင်ရမယ့် သူရဲ့ ပွဲဦးထွက်ကို သေချာပေါက် လွဲချော်ရတော့မှာဖြစ်လို့ ဂျရတ်နဲ့ ဒင်းန်စမစ်တို့ရဲ့ အခြေအနေကိုသာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Twitter

ဒီနည်းပြ(၂)ယောက်ထဲကမှ လူစိတ်ဝင်စားမှုလည်း ပိုများလို့နေတဲ့ နည်းပြဂျရတ်ရဲ့ ပွဲဦးထွက်အကြောင်းကို ပိုဖော်ပြသွားချင်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ Legend Player ဟောင်းကြီး ဂျရတ်ရဲ့ နည်းပြတစ်ဦးအဖြစ် တကျော့ပြန် ခရီးစဉ်အစမှာ လျော့တွက်လို့မရတဲ့ ဘရိုက်တန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ အသင်းကို ဘယ်လောက်ထိ စွမ်းဆောင်ပေးနိုင်မလဲဆိုတာက စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ နွေရာသီစျေးကွက်အတွင်း ကစားသမားအဝင် တအားများထားတဲ့ ဗီလာအသင်းဟာ လက်ရှိမှာ အမှတ်ပေးဇယား အဆင့်(၁၆)နေရာကို ရောက်ရှိနေပြီး တန်းဆင်းဇုန်နဲ့လည်း အမှတ်ကပ်နေတာဖြစ်လို့ ဂျရတ်အနေနဲ့ ဒီဖိအားတွေအောက်ကနေ အသင်းကို ဘယ်လိုပြုပြင်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ စိတ်ဝင်စားဖို့ကောင်းတာကတော့ အခုလို အသင်းသစ်တွေနဲ့ လက်တွဲခဲ့ကြတဲ့ နည်းပြ(၃)ဦးလုံးက သူတို့တွေ ကလပ်အသင်းတွေကို ပရီးမီးယားလိဂ်ကနေ တန်းမဆင်းရရေးအတွက် ပိုမိုဦးစားပေးရမှာဖြစ်လို့ ပြိုင်ဆိုင်မှုတွေက ထင်ထားတာထက်ကို ပိုမိုပြင်းထန်လာရဖွယ် ရှိနေပါတယ်။

ဗီလာနည်းပြသစ်ဂျရတ်ရဲ့ ပွဲဦးထွက်

အက်စတွန်ဗီလာ နဲ့ ဘရိုက်တန် (စနေနေ့ ည၉နာရီခွဲ)

နောဝစ်ချ်နည်းပြသစ် ဒင်းန်စမစ်ရဲ့ ပွဲဦးထွက်

နောဝစ်ချ်စီးတီး နဲ့ ဆောက်သမ်တန် (စနေနေ့ည၉နာရီခွဲ)