ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ပေါ်ထွက်လာခဲ့တဲ့ ဥရောပစူပါဖလားပြိုင်ပွဲရဲ့ Breaking News ဟာ ဥရောပဘောလုံးနယ်ပယ်တဝိုက်ကို အတော်လေး လှုပ်ခတ်သွားစေခဲ့ပြီး UEFA ကလည်း ပြင်းပြင်းထန်ထန်နဲ့ကို ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။ ဒါ့အပြင် ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကိုပါ အပြောင်းအလဲ ပြုလုပ်သွားဖို့ UEFA ကနေ ချက်ချင်းကို စီစဉ်လာခဲ့ပြီး လာမယ့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီကနေ စတင်ကာ ပြိုင်ပွဲဝင်အသင်းပေါင်း (၃၆)သင်းအထိ တိုးမြှင့်ကျင်းပတော့မှာဖြစ်တယ်လို့ ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit : We Ain’t Got Not Histroy

ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲဟာ ပြိုင်ပွဲဝင်အသင်း (၃၂)သင်းနဲ့ အုပ်စု(၈)စုခွဲပြီး ကျင်းပခဲ့တာဖြစ်ပြီး လာမယ့် ၂၀၂၄ခုနှစ်မှာတော့ ပြိုင်ပွဲဝင်အသင်းကို (၃၆)သင်းအထိ တိုးမြှင့်ကာ အုပ်စုအဆင့်ကနေ လိဂ်ပုံစံနဲ့ ယှဉ်ပြိုင်သွားစေမှာဖြစ်ပါတယ်။ ဒီလိုပုံစံသစ်နဲ့ ကျင်းပသွားမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသင်းတစ်သင်းက အိမ်ကွင်း အဝေးကွင်း အနည်းဆုံး(၁၀)ပွဲ ယှဉ်ပြိုင်စေမှာဖြစ်ပြီး အသင်းတွေရဲ့ ရပ်တည်မှုပေါ်မှာမူတည်ကာ ရှုံးထွက်အဆင့်တွေကို တတ်လှမ်းခွင့်ရဖို့ ဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်။ ဒီလိုပုံစံသစ်အဖြစ် အနည်းဆုံး ၂၀၃၃ခုနှစ်အထိ ကျင်းပသွားစေမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Photo Credit : beIN SPORTS

ဥရောပဘောလုံးအဖွဲ့ချုပ် UEFA အနေနဲ့ ပြိုင်ပွဲဝင်အသင်းများကို ကွင်းဝင်ကြေးတွေ ရုပ်သံဝင်ငွေတွေ ပိုမိုရရှိစေဖို့အတွက် အခုလို အသင်းအရေအတွက်ကို တိုးမြှင့်ကျင်းပစေတာဖြစ်သလို ယခုရက်ပိုင်းအတွင်းကမှ ရုတ်တရက် စီစဉ်လာခဲ့တဲ့ ဥရောပစူပါလိဂ်ပြိုင်ပွဲ ပေါ်ပေါက်လာခြင်းမရှိစေဖို့အတွက်ကိုလည်း ရည်ရွယ်ခြင်းဖြစ်ပါတယ်။ ဥရောပရဲ့ ထိပ်တန်းကလပ်အသင်းတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ဘာစီလိုနာ မန်ချက်စတာယူနိုက်တက် မန်စီးတီး ဂျုဗင်တပ်စ် လီဗာပူးလ် ချယ်လ်ဆီး အသက်လက်တီကို အင်တာမီလန် အေစီမီလန် စပါးနဲ့ အာဆင်နယ်အသင်းတို့ ပါဝင်ကြမယ့် ဥရောပစူပါလိဂ်ပြိုင်ပွဲကတော့ လက်ရှိ ဥရောပရဲ့ အမြင့်မားဆုံး ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ခွဲထွက်ပြီး ပုံစံတစ်မျိုးနဲ့ ကျင်းပမယ့် ပြိုင်ပွဲဖြစ်သလို မီဒီယာတွေရဲ့ ဖော်ပြချက်အရ ချန်ပီယံလိဂ်ကနေ ပုံစံအသစ်နဲ့ ကျင်းပလာမယ်ဆိုရင်တောင် ဥရောပစူပါလိဂ်အသင်းတွေက ချန်ပီယံလိဂ်မှာထက် ဝင်ငွေ(၃)ဆထိ ရရှိမှာဖြစ်လို့ အသင်းတိုင်းက တညီတညွှတ်တည်းကို သဘောတူနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် UEFA ဥက္ကဌ ဆယ်ဖာရင်ကတော့ ဥရောပစူပါလိဂ် ရှိလာခဲ့ရင်တောင် ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကို အရှိန်အဟုန်မပျက် ဆက်လက်ကျင်းပနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။