ဘာစီလိုနာ နည်းပြသစ် ရော်နယ် ကိုးမန်းဟာ စနေနေ့ညက ကင်နက်စ်တစ်အသင်းနဲ့ ကစားခဲ့တဲ့ ကလပ် ချစ်ကြည်ရေး ပွဲစဉ်မှာ (၃-၁) ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီးတဲ့နောက် ဘာစီလိုနာအသင်းအနေနဲ့ လက်ရှိရာသီမှာ ပြီးခဲ့တဲ့ နှစ်တွေနဲ့ မတူဘဲ ခံစစ်အသားပေးကစားနိုင်တယ်လို့ ပြောသွားခဲ့ပါတယ်။ နည်းပြ ဆက်တီယန်ရဲ့ နေရာမှာ နည်းပြသစ် အဖြစ် ခန့်အပ်ခံရတဲ့ ဘာစီလိုနာ နည်းပြ ရော်နယ် ကိုးမန်းဟာ ကင်နက်စ်တစ်အသင်းနဲ့ ကစားသွားခဲ့ကြတဲ့ ချစ်ကြည်ရေး ပွဲစဉ်မှာ သူ့ရဲ့ စိတ်ကြိုက် ကစားကွက် ဖြစ်တဲ့ (၄-၂-၃-၁) ကစားကွက်ကို ခင်းကျင်း အသုံးပြုပြီး နည်းပြခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Dailymail

ဘာစီလိုနာအသင်းဟာ ပထမပိုင်းမှာ ဒမ်ဘီလီရဲ့ သွင်းဂိုးနဲ့ စတင်ဦးဆောင်ခဲ့ပြီး ပထမပိုင်းမှာတင် ဘိုနီလာရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရတာကြောင့် ပထမပိုင်း အပြီးမှာ (၁-၁) သရေကျခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ ဂရစ်စမန်း နဲ့ ကော်တင်ဟိုရဲ့ ပင်နယ်တီ သွင်းဂိုးကြောင့် (၃-၁) နဲ့ အနိုင်ရခဲ့ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ဘာစီလိုနာအသင်းကနေ ထွက်သွားမယ်လို့ ပြောခဲ့ပြီးနောက် စနေနေ့က ကစားခဲ့တဲ့ ချစ်ကြည်ရေး ပွဲစဉ်မှာ ပထမဆုံး ပြန်လည် ကစားလာခဲ့တာ ဖြစ်ပြီး နည်းပြ ကိုးမန်းကတော့ ရာသီသစ်မှာ ခံစစ်အသားပေး ကစားသွားမှာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

Photo Credit: Dailymail

နည်းပြ ကိုးမန်းက “ကစားကွက်က ခြားနားသွားလိမ့်မယ်။ ပြီးခဲ့တဲ့ နှစ်တွေက မြင်ခဲ့တာတွေထက် ပိုပြီး ခံစစ်အသားပေး ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် အသင်းရဲ့ ရည်ရွယ်ချက်ကတော့ ဘောလုံးရဖို့၊ ဘောလုံး ပိုင်ဆိုင်နိုင်ဖို့ နဲ့ ပြိုင်ဘက် ကွင်းလယ်လူတွေကြားမှာ နေရာလွတ် ရရှိနိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းက ဒီလို ကစားနိုင်မယ်လို့ ထင်တယ်။ ဘာလို့လဲဆိုရင် ဒီလိုမျိုး ကစားနိုင်တဲ့ ကွင်းလယ် ကစားသမားတွေ ရှိလို့ပါပဲ။ အရေးကြီးဆုံးကတော့ ကံကောင်းစွာနဲ့ ဒဏ်ရာရနေကြတဲ့ ကစားသမားတွေ မရှိတာပါပဲ။ ကျွန်တော်တို့ (၄) ပတ်ပဲ အချိန်ရရှိခဲ့ပါတယ်။ (၆) ပတ် မဟုတ်ဘူး။ ဒီဟာက ရှုပ်ထွေးပါတယ်။ အခု ကျွန်တော်တို့ လုပ်ချင်တာက ကြံခိုင်မှု တည်ဆောက်သွားဖို့ ဖြစ်ပြီး လာမယ့် နှစ်ပတ်အတွင်းမှာတော့ နည်းဗျူဟာပိုင်းကို လေ့ကျင့်သွားပါမယ်”လို့ ပြောသွားခဲ့ပါတယ်။ နည်းပြ ရော်နယ် ကိုးမန်းရဲ့ ဘာစီလိုနာအသင်းဟာ လာမယ့် ပွဲစဉ် အဖြစ် ဂျီရိုနာအသင်းနဲ့ ကလပ် ချစ်ကြည်ရေး ပွဲစဉ်ကို လာမယ့် (၁၆) ရက်နေ့မှာ ဆက်လက် ကစားသွားရဦးမှာ ဖြစ်ပြီး လာလီဂါ အဖွင့် ပွဲစဉ်ကိုတော့ လာမယ့် (၂၇) ရက်နေ့မှာ ဗီလာရီးရဲလ်အသင်းနဲ့ ကစားသွားမှာ ဖြစ်ပါတယ်။