ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းတွေထဲက တစ်သင်း အပါအဝင် ဖြစ်တဲ့ မန်ယူအသင်းနဲ့ အင်္ဂလန် လက်ရွေးစင်အသင်းတို့ရဲ့ ဂန္တဝင် ညာ နောက်ခံလူ ဂယ်ရီနဗီးလ်ကတော့ လက်ရှိ ဘောလုံးရာသီမှာ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အသင်းဖြစ်နေတဲ့ လီဗာပူး အသင်းမှာ ဘယ်ကစားသမားဟာ အရေးအပါဆုံး ကစားသမား ဖြစ်သလဲဆိုတာ ပြောပြသွားခဲ့ပါတယ်။ အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး အသင်းတွေထဲက တစ်သင်း အပါအဝင် ဖြစ်တဲ့ လီဗာပူးအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာဆိုရင် နှစ်ပေါင်း ၃၀ကျော်ကြာ ဝေးကွာနေတဲ့ အင်္ဂလန် အဆင့်မြင့်တန်းရဲ့ အမှတ်ပေးဖလားကို ရရှိနိုင် ဖို့ နီးကပ်နေတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။

Photo Credit: Express

လီဗာပူးအသင်းဟာ အင်္ဂလန်ရဲ့ အဆင့်အမြင့် ဆုံး အမှတ်ပေးပြိုင်ပွဲကို ပရီးမီးယားလိဂ် ပြိုင်ပွဲ လို့ သတ်မှတ်ပြီး နောက်ပိုင်းမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိတော့ခြင်း မရှိပဲ ယခုနှစ်မှာတော့ အကောင်းဆုံး ခြေစွမ်းတွေနဲ့အတူ ရရှိဖို့ ခြေတစ်လှမ်းသာ လိုအပ်ပါတော့တယ်။ လီဗာပူးအသင်းဟာ လက်ရှိ ဘောလုံးရာသီမှာဆိုရင် ပရီးမီးယားလိဂ်ပွဲစဉ် ၂၉ပွဲ ကစားထားရာမှာ ၂၇ပွဲကို အနိုင်ရရှိထားပြီး ၁ပွဲသရေ ၁ပွဲရှုံး ရလဒ်ကို ရရှိထားတဲ့အသင်းပါ။ ဒါ့ကြောင့် အရမ်းကို ခြေစွမ်းတည်ငြိမ်နေတဲ့ လီဗာပူး အသင်းအတွက် ခြေစွမ်းပြနေတဲ့ ကစားသမား အများအပြား ရှိပေမယ့် ဂယ်ရီနဗီးလ်ကတော့ လီဗာပူးအသင်းရဲ့ ဂိုးသမားဖြစ်သူ အဲလစ်ဆင် ဟာ လီဗာပူးအတွက် အရေးအကြီးဆုံး ကစားသမားဖြစ်တယ်လို့ ဆိုသွားခဲ့ပါတယ်။

Photo Credit: Express

အဲလစ်ဆင်ဟာ လီဗာပူးအသင်းအတွက် အရေးအပါဆုံး ကစားသမား ဖြစ်ကြောင်းကို ဂယ်ရီနဗီးလ်က ” အဲလစ်ဆင်ဟာ လီဗာပူး အသင်းကို ပရီးမီးယားလိဂ်ဖလား ရရှိအောင် လုပ်ဆောင်ပေးနိုင်တဲ့ ကစားသမားဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ လူတိုင်းဟာ ဗန်ဒိုက် ကို ချီးကျူးမှုတွေ ပြုလုပ်နေပေမယ့် အဲလစ်ဆင် ဟာ လီဗာပူးအသင်းရဲ့ အခြေခံအကျဆုံးအရာ တစ်ခု ဖြစ်တယ်လို့ ထင်မြင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ် ၊ သုံးနှစ်ကို ပြန်ကြည့်ရင် ကျွန်တော်က လီဗာပူးအသင်းရဲ့ ဂိုးသမားတွေကို အများကြီး ဝေဖန်ခဲ့ပါတယ်။ ဒါဟာ ဘာဖြစ်လို့လည်းဆိုတော့ လီဗာပူးဟာ အဲ့ဒီ ဂိုးသမားတွေနဲ့ ပရီးမီးယားလိဂ်ဖလားကို မရရှိနိုင်ဘူးလို့ ကျွန်တော် ထင်ခဲ့ပါတယ်။ အဲ့ဒီကိစ္စတွေနဲ့ ပတ်သတ်ပြီး ကလော့ပ်တောင်မှ ကျွန်တော့်ကို အတော်လေး ဒေါသထွက်ခဲ့ပါသေးတယ်။ အဲလစ်ဆင်က လီဗာပူးအသင်းကို ရောက်ရှိတဲ့အချိန်မှာတော့ ကျွန်တော်ဟာ ရှမိုက်ကယ်နဲ့ ဗန်ဒါဆားကို ပြေးမြင်မိတော့တာပါပဲ ” လို့ ပြောဆိုသွားခဲ့တာပါ။