အာဆင်နယ်အသင်းအနေနဲ့ လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ထိပ်တန်းအဆင့် တိုက်စစ်မှူးတစ်ခုကို ခေါ်ယူသွားရတော့မယ်လို့ ဂယ်ရီနဗီးလ်က သုံးသပ် ပြောကြားလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ ဒီရာသီမှာ လိဂ်ပွဲ (၁၀)ပွဲအထိ ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့သလို ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်ဆုံး အသင်းအဖြစ် သတ်မှတ်ထားခံရပေမယ့်လည်း မနေ့က နယူးကာဆယ်နဲ့ ပွဲစဉ်မှာ စတင် ရှုံးပွဲတွေ့ခဲ့တဲ့အပြင် အသင်းရဲ့ စွမ်းဆောင်ရည်တချို့ကိုပါ မေးခွန်းထုတ်ခံလာရပါတယ်။
Photo Credit : Football Today
နယူးကာဆယ်နဲ့ပွဲမှာ အာဆင်နယ်က တိုက်စစ်ပိုင်းအတွင်း အားနည်းမှုတွေ ရှိနေခဲ့ပြီး ဒါက အသင်းရဲ့ အမှတ်ပေး ချန်ပီယံဆု မျှော်လင့်ချက်အတွက် စိုးရိမ်စရာ ဖြစ်လာနိုင်တယ်လို့ နဗီးလ်က သူရဲ့ထင်မြင်ချက်တွေကို သုံးသပ်သွားခဲ့ပါတယ်။
“ဒီရာသီ ကျွန်တော် ကြည့်ဖူးခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ ပွဲစဉ်တွေမှာ အထောင် တိုက်စစ်မှူးနေရာက ပြသာနာ ဖြစ်နေတယ်လို့ မြင်မိတယ်။ ဒါကြောင့် အာဆင်နယ်အနေနဲ့ ဇန်နဝါရီလမှာ ကစားသမား ခေါ်ယူမှု တစ်ခုခုကို လုပ်ဆောင်ရပါတော့မယ်။ သူတို့က တိုက်စစ်မှာ လီယန်ဒရို(ထရိုဆက်ဒ်)နဲ့ပဲ ပွဲကို အဆုံးသတ်နေရတယ်။”
Photo Credit : Goal
“ဂါဘရီရယ်(ဂျေဇူး) နဲ့ အက်ဒီ(အန်ခယ်တီယာ)တို့က အာဆင်နယ်အတွက် အရမ်းကောင်းတဲ့ တိုက်စစ် ကစားသမားတွေပါ။ ဒါပေမယ့် ကျွန်တော့်အတွက်ဆိုရင်တော့ သူတို့က ဦးစားပေး တိုက်စစ်မှူးတွေ ဖြစ်မနေဘူး။ ဒီကစားသမားတွေကို အထောင်တိုက်စစ် နေရာထက် တောင်ပံအခြမ်းတွေမှာ ကစားတာကို ပိုသဘောကျမိတယ်။”
“ဒါပေမယ့် အာဆင်နယ်အသင်းမှာ နံပါတ်(၉)နေရာအတွက် ထိပ်တန်း တိုက်စစ်မှူးကောင်းတစ်ဦးကိုသာ ပိုင်ဆိုင်ခဲ့မယ်ဆိုရင်တော့ သူတို့တွေ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်လောက်ပြီ။ ဒီနေရာက အသင်းအတွက် လိုအပ်နေတာ နှစ်ကြာမြင့်နေပါပြီ။ ကျွန်တော် သူတို့ကို ဒီရာသီမှာ ချန်ပီယံ ဖြစ်မယ်လို့ ပြောခဲ့ပေမယ့် အခုတော့ ပွဲကြီးတွေအတွင်း တိုက်စစ် လိုအပ်ချက်တွေ ဖြစ်နေတာကို မြင်လာရတယ်။ ဒါကို အာတီတာလည်း သတိထားမိမယ်လို့ ထင်ပါတယ်။” ဆိုပြီး နဗီးလ်က မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။