ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ် ဆုဖလားကို ၁၂ကြိမ် အထိ အရယူခဲ့ဖူးသလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တဦး အဖြစ်ပါ လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဂယ်ရီနဗီးလ် ကတော့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၅) အပြီးမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ရေပန်းစားနေတဲ့ မန်ချက်စတာ စီးတီးက သူတို့ရဲ့ပြိုင်ဘက် လီဗာပူးကို ၃မှတ် အထိ ဖြတ်တောက်နိုင်ခဲ့ပေမယ့် ချန်ပီယံလုပွဲက မပြီးသေးကြောင်း မန်ချက်စတာ စီးတီးကို သတိပေးစကား ပြောကြားသွားခဲ့ပါတယ်။

အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးနဲ့ နောက်ပိုင်းနှစ်တွေမှာ သူတို့အသင်းရဲ့ အဓိကပြိုင်ဘက် ဖြစ်လာတဲ့ လီဗာပူးတို့ဟာ ယခုနှစ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အရယူနိုင်ဖို့ အပြိုင်အဆိုင် ဖြစ်နေတဲ့ အသင်းနှစ်သင်း ဖြစ်ပြီး သူတို့နှစ်သင်းရဲ့ ကြားမှာ ရမှတ် ကွာဟချက်ကလည်း ၃မှတ်သာ ရှိနေပါတယ်။

Photo Credit: Mirror

မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ ကြားမှာ ရမှတ် ၃မှတ်သာ ကွာဟနေပေမယ့် မန်ချက်စတာ စီးတီးရဲ့ လက်ရှိခြေစွမ်း ၊ အမှတ်ပေးဖလားကို ဘယ်လို အရယူရမလဲ ဆိုတာကို သိတဲ့ ထိပ်သီး ကစားသမားတွေ ပိုင်ဆိုင်ထားမှုတို့ကြောင့်ပဲ ပရီးမီးယားလိဂ် ပွဲစဉ်(၃၅) အပြီးမှာ မန်ချက်စတာ စီးတီးကပဲ သူတို့ရဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်လိမ့်မယ်လို့ သုံးသပ်မှုတွေ အလျိုလျို ထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ် ဆုဖလားကို ၁၂ကြိမ် အထိ အရယူနိုင်ခဲ့တဲ့ ဂယ်ရီနဗီးလ်က မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ရဲ့ ချန်ပီယံလုပွဲက မပြီးဆုံးသေးကြောင်းနဲ့ အဓိက ခံစစ်မှူးတွေ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ အချက်က မန်ချက်စတာ စီးတီးရဲ့ ချန်ပီယံ အိမ်မက်ကို ဖျက်ဆီးနိုင်ကြောင်း သတိပေးသွားခဲ့ပါတယ်။

Photo Credit: Mirror

ဂယ်ရီနဗီးလ်က – “ကျွန်တော်ကတော့ ဝက်စ်ဟမ်း ဒါမှမဟုတ် ဝုဗ်က မန်ချက်စတာ စီးတီးကို ဒုက္ခပေးနိုင်မယ်လို့ ယုံကြည်နေဆဲပါ။ ရူဘင် ဒီယက်ဇ် တယောက် ဒဏ်ရာရသွားတာက ကစားကွက်ကို စနစ်တကျ တည်ဆောက်ပြီး ကစားတတ်တဲ့ မန်ချက်စတာ စီးတီးကို ဒုက္ခပေးနိုင်ပါတယ်။ ဝက်စ်ဟမ်းနဲ့ ဝုဗ် နှစ်သင်းစလုံးက ဒီရာသီမှာ ခြေစွမ်းကောင်းတွေ ရထားတဲ့ အသင်းတွေပါ။ ဒါကြောင့် မန်ချက်စတာ စီးတီးက အဲ့ဒီနှစ်သင်းစလုံးကို အနိုင်ရချင်ရင် အကောင်းဆုံး ခြေစွမ်းတွေကို ပြသနိုင်ဖို့ လိုပါလိမ့်မယ်။ မန်ချက်စတာ စီးတီးရဲ့ ခံစစ်မှူးတွေ အားလုံးနီးပါး ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတာက လီဗာပူး အတွက် သတင်းကောင်း တခုပါပဲ။ ဒါကြောင့် ကျွန်တော်ကတော့ ချန်ပီယံလုပွဲက မပြီးသေးဘူးလို့ ယုံကြည်ပါတယ်။ ပြီးတော့ လီဗာပူးနဲ့ မန်ချက်စတာ စီးတီးတို့ နှစ်သင်းစလုံးမှာ ချန်ပီယံ ဖြစ်နိုင်တဲ့ အခွင့်အရေးတွေကို ဆတူ ပိုင်ဆိုင်ထားတယ်လို့ မြင်ပါတယ်” ဆိုပြီး သုံးသပ်သွားခဲ့တာပါ။