ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ ဂန္တဝင် နောက်ခံလူဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ ဂယ်ရီနဗီးလ်ကတော့ အင်္ဂလန်နည်းပြချုပ် ဆောက်ဂိတ်အနေနဲ့ လီဗာပူးနဲ့အတူ ပုံစံကောင်းရဖို့ ရုန်းကန်နေရသလို ခံစစ်စွမ်းဆောင်ရည် အားနည်းတဲ့ အာနိုးလ်ကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ မခေါ်သွားသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ အာနိုးလ်က ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ၂၀၂၀ ယူရိုပြိုင်ပွဲတို့မှာ အင်္ဂလန်ရဲ့ အဓိက ကစားသမားတွေထဲက တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ အင်္ဂလန်ရဲ့ ခြေစမ်းပွဲတွေမှာတော့ လူစာရင်းထဲ ပါဝင်ခွင့် မရထားပါဘူး။

Photo Credit: Sky Sports

လီဗာပူး အကယ်ဒမီထွက် ညာနောက်ခံလူ တဦး ဖြစ်သူ အာနိုးလ်က ဖြတ်တင်ဘောတွေ ပေးပို့ရာမှာ ကောင်းမွန်သလို တည်ကန်ဘောတွေ ကန်သွင်းရာမှာ ထူးချွန်ပေမယ့် ခံစစ်စွမ်းဆောင်ရည်မှာတော့ သာမန်အဆင့်သာ ရှိပါတယ်။ ဒါ့အပြင် အာနိုးလ်က လူကပ်ကစားရာမှာ အနည်းငယ် ညံ့ဖျင်းပြီး ဒီရာသီမှာ လီဗာပူးတို့ ခွင့်ပြုထားရတဲ့ သွင်းဂိုး တချို့ဟာ သူ့ရဲ့ အမှားတွေ ကနေ ခွင့်ပြုပေးခဲ့ရတဲ့ သွင်းဂိုးတွေ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ဂယ်ရီနဗီးလ်က အာနိုးလ် တယောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အလွဲတွေ လုပ်မှာကို စိုးရိမ်နေပြီး နဗီးလ်က အာနိုးလ်ဟာ ခံစစ်စွမ်းဆောင်ရည် ညံ့သလို စိတ်ခံစားချက်နဲ့ ကစားတတ်တာကြောင့် အရေးကြီးတဲ့ ပွဲစဉ်တွေမှာ အာနိုးလ်ကြောင့် ပင်နယ်တီ ပေးရတာတွေ ၊ ပြစ်ဒဏ်ဘော ပေးရတာတွေ ရှိလာနိုင်ကာ ဆောက်ဂိတ်အနေနဲ့ အာနိုးလ်ကို အပြည့်အဝ မယုံသင့်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Sky Sports

ဂယ်ရီနဗီးလ်က – “အာနိုးလ်ကို ရွေးမလား ၊ ချန်ခဲ့မလား ဆိုတာဟာ ဆုံးဖြတ်ဖို့ ခက်ခဲတဲ့ အရာတခုပါ။ ဘာကြောင့်လဲဆိုတော့ အာနိုးလ်ရဲ့ တိုက်စစ်လိုက်ပါမှုဟာ ကမ္ဘာ့အဆင့် ခြေစွမ်းမျိုး ဖြစ်နေလို့ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့က ကမ္ဘာ့ဖလား အတွက် စဉ်းစားရင် ရှုံးထွက်အဆင့်ပွဲတွေ အတွက် အဓိကထားပြီး စဉ်းစားဖို့ လိုပါတယ်။ ရှုံးထွက်ပွဲတွေကသာ အင်္ဂလန်အနေနဲ့ ကမ္ဘာ့ဖလားကို အရယူနိုင်မလား ၊ မယူနိုင်ဘူးလား ဆိုတာကို ဆုံးဖြတ်ပေးမှာပါ။ ရှုံးထွက်ပွဲတွေ ရောက်ရင် အမှားလေး တခု ၊ ပေါ့လျော့မှုလေး တခုက ပွဲရဲ့ အဖြေကို ဆုံးဖြတ်ပေးသွားနိုင်ပါတယ်။ ကျွန်တော်ကတော့ ဆောက်ဂိတ်ဟာ ရှုံးထွက်ပွဲတွေမှာ အာနိုးလ်ကို ယုံကြည်လို့ ရမယ် မထင်ပါဘူး။ ကျွန်တော်က အာနိုးလ်ကို ထာဝရ အကောင်းဆုံး ညာနောက်ခံလူ ဖြစ်စေချင်ပါတယ်။ သူ့မှာ အဲ့ဒီလိုမျိုး ဂုဏ်ပုဒ်ကို ရယူနိုင်စွမ်းလည်း ရှိပါတယ်။ ဒါပေမယ့် အခုချိန်မှာ အာနိုးလ်ရဲ့ ခြေစွမ်းက အကျဘက်ကို ရောက်နေပါတယ်။ သူ့ကြောင့်ပဲ လီဗာပူးက အမှတ်ဆုံးရှုံးခဲ့ရတဲ့ပွဲတွေ မနည်းပါဘူး။ အာနိုးလ်က မစဉ်းစားပဲနဲ့လည်း လုပ်တတ်ပါတယ်။ ဒီနေ့ သူ လုပ်ခဲ့တဲ့ ဖျက်ထုတ်မှုက (စပါးနောက်ခံလူ ဆက်ဆီဂနွန်အား ဂိုးဧရိယာထဲတွင် တွန်းထုတ်ခဲ့မှု) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကျိန်းသေပေါက် ပင်နယ်တီ ပေးရမယ့် ဖြစ်ရပ်မျိုးပါ။ သူ့ရဲ့ ဒီလို အမှားတွေ ကျူးလွန်တတ်မှုကြောင့်ပဲ ဆောက်ဂိတ်က ကွာတား ၊ ဆီမီး ၊ ဒါမှမဟုတ် ဖိုင်နယ်လို ပွဲမျိုးမှာ အာနိုးလ်ကို ပွဲထုတ်ရဲမယ်လို့ မထင်ပါဘူး” ဆိုပြီး ဆောက်ဂိတ်အား အကြံပေးသွားခဲ့တာပါ။