ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ ဂန္တဝင် ကစားသမား တစ်ဦးဖြစ်တဲ့ ဂယ်ရီနဗီးလ် ကတော့ တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဆွန်ဟောင်မင်ဟာ လီဗာပူးအသင်းရဲ့ နာမည်ကြီး တိုက်စစ်မှူးတွေ ဖြစ်တဲ့ မာနေး ၊ ဆာလက်နဲ့ မန်စီးတီး အသင်းရဲ့ ကြယ်ပွင့် ကစားသမား ဖြစ်တဲ့ စတာလင်းတို့ရဲ့ အဆင့်အတန်းကို ရောက်ရှိနေပြီ ဖြစ်ကြောင်း ချီးကျူးစကား ဆိုသွားခဲ့ပါတယ်။ အသက် ၂၈နှစ် အရွယ် တောင်ကိုရီးယားအသင်းရဲ့ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ ဘွန်ဒက်လီဂါပြိုင်ပွဲ ကနေ ပရီးမီးယားလိဂ်ထံ ရောက်ရှိလာ အပြီးမှာ ကမ္ဘာ့အဆင့် ကစားသမား တစ်ဦးဖြစ်လာခဲ့ပြီး လက်ရှိ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး ၈ဂိုးအထိ ရရှိထားကာ ရွှေဖိနပ်ဆုကို ရရှိဖို့ ရေပန်းစား နေပါတယ်။

Photo Credit: Metro

ယနေ့မနက်မှာ ကစားခဲ့တဲ့ ဘန်လေအသင်းနဲ့ စပါးအသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း ဆွန်ဟောင်မင်ဟာ စပါးအသင်းအတွက် တစ်လုံးထဲသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး နည်းပြ မော်ရင်ဟိုရဲ့ ချီးကျူးမှုကို ခံခဲ့ရပါတယ်။ လက်ရှိမှာတော့ စပါးအသင်းဟာ ဆွန်ဟောင်မင်ကို သူ့ရဲ့ ခြေစွမ်းနဲ့ ထိုက်တန်တဲ့ လုပ်ခလစာနဲ့ အတူ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး မကြာခင်မှာတော့ စာချုပ်သစ်ဟာ တရားဝင် ဖြစ်ပေါ်လာတော့မယ် လို့ လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ ထားကြပါတယ်။ Sky Sportsရဲ့ ရုပ်သံ အစီအစဉ်မှာ ပါဝင်ခဲ့တဲ့ ဂယ်ရီနဗီးလ် ကတော့ ဆွန်ဟောင်မင်ရဲ့ ခြေစွမ်း တိုးတက်လာမှုကို ချီးကျူးသွားပြီး ဆွန်ဟောင်မင်ဟာ တော်သလောက် ချီးကျူးမခံရတဲ့ ကစားသမား ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ်။

Photo Credit: Metro

ဆွန်ဟောင်မင်ရဲ့ ခြေစွမ်းနဲ့ပတ်သတ်ပြီး ဂယ်ရီနဗီးလ်က “ကျွန်တော် ကတော့ ဆွန်ဟောင်မင်ဟာ တော်သလောက် ချီးကျူးမခံရတဲ့ ကစားသမား(Underrated player) ၊ လိဂ်ရဲ့ ထိပ်တန်း ကစားသမားတွေလို ကြွားဝါမှု မလုပ်တတ်တဲ့ ကစားသမားလို့ ထင်ပါတယ်။ ခင်ဗျားတို့ ကျွန်တော်တို့က စတာလင်း ၊ မာနေး ၊ ဆာလက်တို့ရဲ့ အကြောင်းကို ပုံမှန် ပြောလေ့ရှိကြပါတယ်။ ဆွန်ကလည်း သူတို့နဲ့ အဆင့်တူတဲ့ ကစားသမား တစ်ဦးပါ။ တကယ်လို့ သူသာ မန်စီးတီး ဒါမှမဟုတ် လီဗာပူးအသင်းမှာ ရှိနေရင် အခုချိန်မှာ သူ့ရဲ့အကြောင်း ကို အခုထက် ပိုပြီး များများစားစား ကြားခွင့်ရမှာပါ” ဆိုပြီး ချီးကျူး သွားခဲ့ပါတယ်။ ကျွန်တော်ကတော့ ဆွန်ဟောင်မင်ဟာ သူ့ရဲ့ နောင်တော်ကြီး ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသမား ပတ်ဂျီဆန်လိုမျိုး ပရီးမီးယားလိဂ် ပရိသတ်တွေရဲ့ ချီးကျူးမှုနဲ့ ထိုက်တန်တဲ့ ကစားသမား တစ်ဦးလို့ မြင်မိပါတယ်ဗျာ…။