ကစားသမားဘဝကနေ အနားယူသွားခဲ့ပေမယ့်လည်း စပိန်လာလီဂါ အသင်းကြီးတစ်သင်းဖြစ်တဲ့ ဗလင်စီယာအသင်းမှာ နည်းပြအဖြစ်နဲ့ ယာယီလုပ်ကိုင်ခဲ့သေးသလို လက်ရှိအချိန်မှာလည်း ဘောလုံးပွဲတွေကို သုံးသပ်သူအဖြစ် ဆောင်ရွက်လျက်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူဟောင်း ဂယ်ရီနဖီးလ်က သူရဲ့ယူနိုက်တက်ကစားသမားဘဝတလျှောက် သူနဲ့အသင်းမှာ တွဲဖက်ကစားခဲ့ဖူးတဲ့ တိုက်စစ်ကစားသမား ဝိန်းရူနီက အသင်းအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံး ကစားသမားခေါ်ယူမှုလို့ သတ်မှတ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : AllFootball

အင်္ဂလန်လက်ရွေးဟောင်း ခံစစ်ကစားသမားဟောင်းကြီး နဖီးလ်ဟာ သူရဲ့ကစားသမားဘဝအတွင်းမှာ ထိပ်သီးကစားသမားပေါင်းများစွာနဲ့ တွဲဖက်ကစားခဲ့ရပေမယ့်လည်း အဲဗာတန်အသင်းကနေ ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးရူနီကသာ အသင်းအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံး ခေါ်ယူမှုဖြစ်ခဲ့တယ်လို့ု ဆိုလိုက်ပါတယ်။ နဖီးလ်က “ယူနိုက်တက်အသင်း ခေါ်ယူခဲ့တဲ့ ကစားသမားခေါ်ယူမှုထဲမှာဆိုရင် နံပါတ်တစ်နေရာမှာ ရူနီကို ထားရလိမ့်မယ်။ သူနဲ့ကျွန်တော်တို့က အင်္ဂလန်အသင်းကြီးမှာလည်း တွဲကစားခဲ့ဖူးတယ်။ သူက ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက် အကြောက်အရွံလည်းမရှိ ကြမ်းတမ်းတယ်”

Photo Credit : Sky Sport

“ဂိုးတွေလည်းရယူတတ်တယ် ဖြတ်ထုတ်မှုတွေလည်း လုပ်ဆောင်နိုင်တယ် အပြေးအားကောင်းတယ် ကြိုးစားအားထုတ်မှုကောင်းတယ်။ ကစားသမားတစ်ယောက်ဆီကနေ သင်လိုချင်သမျှအရာအားလုံးကို သူ့ဆီကနေ ရနိုင်တယ်။ အသင်းကို နစ္စတဲလ်ရွိုင်း ရောက်လာချိန်တုန်းကလည်း ကာရင်တန်လေ့ကျင့်ရေးကွင်းထဲမှာ လေ့ကျင့်ခန်းဆင်းနေတုန်းက သူက ကိုက်(၂၀)အကွာလာက်ကနေ သွင်းဂိုးရယူခဲ့လို့ ကျွန်တော်သူ့ကို အတော်လေး အထင်ကြီးမိခဲ့သေးတယ်” လို့ ပြန်လည်ပြောဆိုသွားခဲ့ပါတယ်။ ရူနီဟာ ၂၀၀၄ခုနှစ်ကမှ အဲဗာတန်အသင်းကနေ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၂၅.၆)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက ရူနီရဲ့အသက်ဟာ (၁၈)နှစ်သာရှိသေးပေမယ့် အသင်းနဲ့ (၁၃)နှစ်အထိကို ဖြတ်သန်းခဲ့ကာ အသင်းရဲ့ သွင်းဂိုးအများဆုံး ကစားသမားတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့သလို ဆုဖလားအောင်မြင်မှုများစွာလည်း ရယူနိုင်ခဲ့ပါတယ်။