ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို အသင်းခေါင်းဆောင်ဟောင်းလည်း ဖြစ်တဲ့ ဂယ်ရီနဗီးလ်ကတော့ သူနဲ့ တွဲကစားဖူးတဲ့ တိုက်စစ်မှူးတွေထဲမှာ လက်ရှိ ဒါဘီနည်းပြ အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ ရွန်းနီကသာ အကောင်းဆုံး တိုက်စစ်မှူး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

ယခုအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ အင်္ဂလန် ဂန္တဝင် ညာနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်ခဲ့တဲ့ ကစားသမား တဦး ဖြစ်သလို အသင်းရဲ့ အောင်မြင်မှုပေါင်း များစွာမှာ အဓိကကျတဲ့ ကစားသမား တဦး အဖြစ် ပါဝင်ခဲ့သူပါ။

Photo Credit: The Mirror

ဂယ်ရီနဗီးလ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ကစားပေးခဲ့စဉ်မှာ ကန်တိုနာ ၊ ဆိုးလ်ရှား ၊ အန်ဒီကိုးလ် ၊ ဒွိုက်ယော့ခ် ၊ နစ္စတယ်ရွိုင်း ၊ တေဗက် ၊ ရိုနယ်ဒို ၊ ရွန်းနီ ၊ ဘာဘာတော့ဗ် စတဲ့ ထိပ်တန်း တိုက်စစ်မှူးတွေနဲ့ တွဲဖက် ကစားဖူးခဲ့သလို အင်္ဂလန်အသင်း အတွက် ကစားပေးခဲ့ချိန်မှာလည်း အိုဝင် ၊ ဒီဖိုးတို့လို ကစားအားကောင်းတဲ့ တိုက်စစ်မှူးတွေနဲ့ ကစားခဲ့ဖူးပါတယ်။

သူနဲ့ တွဲဖက် ကစားဖူးတဲ့ တိုက်စစ်မှူးတွေထဲမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုတွေကို ရရှိဖူးကြတဲ့ အိုဝင် ၊ ရိုနယ်ဒိုတို့လို ကစားသမားတွေ ရှိနေပေမယ့် ဂယ်ရီနဗီးလ် ကတော့ သူ့အတွက် ဝိန်းရွန်းနီကသာ အကောင်းဆုံး တိုက်စစ်မှူး ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: The Mirror

ဂယ်ရီနဗီးလ်က – “ကျွန်တော့်အတွက် ဝိန်းရွန်းနီက မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ သမိုင်းတလျှောက် အကောင်းဆုံး တိုက်စစ်မှူး ဖြစ်သလို တွဲကစားဖူးတဲ့ တိုက်စစ်မှူးတွေထဲမှာလည်း အကောင်းဆုံး တိုက်စစ်မှူးပါပဲ။ အသင်းက ဘောလုံးရတဲ့ အချိန်ပဲ ဖြစ်ဖြစ် ၊ ဘောလုံးဆုံးရှုံးနေတဲ့ အချိန်ပဲ ဖြစ်ဖြစ် ၊ အဝတ်လဲခန်းထဲမှာပဲ ဖြစ်ဖြစ် ၊ လေ့ကျင့်ခန်း အစီအစဉ်တွေ စတင်တဲ့ မနက်စောစောမှာပဲ ဖြစ်ဖြစ် ရွန်းနီက အမြဲတမ်း လှုပ်ရှား တက်ကြွနေတဲ့ ကစားသမားပါ။ ပြီးတော့ သူက လူမိုက်ဆန်တယ်။ မာကျောတယ်။ ဂိုးတွေ သွင်းနိုင်တယ်။ ဂိုးသွင်းဖို့ အတွက် ဖန်တီးပေးနိုင်တယ်။ နောက်ခံလူ တဦးလိုလည်း ဆော့နိုင်တယ်။ ဘယ်တော့မှ အရှုံးမပေးဘူး။ ခင်ဗျားက ထိပ်တန်း ဘောလုံးသမား တဦးဆီမှာ ရှိရမယ်လို့ ထင်ထားတဲ့ အရည်အချင်းတွေ အားလုံး သူ့ဆီမှာ ရှိပါတယ်။ သူက ဘာမဆို စွမ်းဆောင်နိုင်စွမ်း ရှိတာကြောင့် ကျွန်တော့်အတွက် သူကသာ အကောင်းဆုံး တိုက်စစ်မှူးပါ” လို့ ပြောကြားသွားခဲ့တာပါ။