မန်ယူအသင်း ကစားသမားဟောင်း ဂယ်ရီ နဗီးလ်ကတော့ သူ့ရဲ့ ဟိုတယ်ကို ကိုရိုနာ ဗိုင်းရပ် ကုသနေကြတဲ့ ဆေးဝန်ထမ်းတွေအတွက် အခမဲ့ အသုံးပြုဖို့ ခွင့်ပြုပေးခဲ့ပြီး မန်ယူအသင်းဖော် ကစားသမားဟောင်း ဂစ်ရဲ့ မိခင်၊ သူနာပြုကြောင့် အသုံးပြုခွင့် ပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဂယ်ရီ နဗီးလ်ဟာ လာမယ့် လကစပြီး သူ့ရဲ့ ဟိုတယ်ကို NHS ဆေးရုံ ဝန်ထမ်းတွေ နေထိုင်ဖို့ အခမဲ့ ခွင့်ပြုသွားမှာ ဖြစ်ပြီး ဆေးရုံဝန်ထမ်းတွေကို ကာကွယ်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: TheSun

ဂယ်ရီ နဗီးလ်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က BBC Breakfast သတင်း အစီအစဉ်မှာ ပါဝင်လာခဲ့ပြီး သူ့ရဲ့ ဟိုတယ်ကို အခမဲ့ အသုံးပြုခွင့် ပေးလိုက်တာက သူနာပြု အဖြစ် နှစ်ပေါင်းများစွာ အလုပ် လုပ်ခဲ့တဲ့ ဂစ်ရဲ့ မိခင် ဖြစ်သူ၊ လင်နီ ဂစ် (Lynne Giggs) ကြောင့်ပါလို့ ပြောပြသွားခဲ့ပါတယ်။ ဂစ်ရဲ့ မိခင်ဟာ NHS ဆေးရုံမှာ နှစ်များစွာ အလုပ်လုပ်ခဲ့ပြီး လက်ရှိမှာ NHS ဆေးရုံက ကိုရိုနာ ရောဂါကို ကုသပေးနေတာကြောင့် ကိုရိုနာ ဗိုင်းရပ် ရောဂါ လက္ခဏာပြနေတဲ့ NHS ဆေးရုံက ဆေးဝန်ထမ်းတွေ နေထိုင်ဖို့အတွက် ဂယ်ရီ နဗီးလ်က သူ့ရဲ့ ဟိုတယ်ကို အသုံးပြုခွင့် ပေးခဲ့ပါတယ်။

Photo Credit: TheSun

နဗီးလ်က “လွန်ခဲ့တဲ့ (၃) လခန့်က ကျွန်တော်တို့ရဲ့ ဟိုတယ်ကို ဘယ်လို ဆက်လုပ်သွားမလဲ ဆိုတာကို ကျွန်တော်တို့ စတင် အစီအစဉ် ဆွဲခဲ့တယ်။ ကျွန်တော်တို့ရဲ့ ရှယ်ယာဝင်တစ်ဦးက စင်္ကာပူနိုင်ငံသား ဖြစ်ပြီး သူ နဲ့ သူ့ရဲ့ အဖွဲ့က သူတို့ ဘယ်လို လျှင်မြန်စွာ ကိုင်တွယ်ဖြေရှင်းပြီး ဗိုင်းရပ်ကို အနိုင်ယူခဲ့သလဲ ဆိုတာကို ပြောပြခဲ့ပါတယ်။ ကျွန်တော်တို့ လွန်ခဲ့တဲ့ (၃) လခန့်က အင်္ဂလန်နိုင်ငံမှာ အန္တရာယ်တွေကို မမြင်နိုင်ခဲ့ကြပါဘူး။ ကျွန်တော်တို့ ရိုင်ယန် ဂစ်ရဲ့ မိခင်နဲ့ စကားပြောခဲ့ပြီး သူက သူနာပြုအဖြစ် နှစ်များစွာ အလုပ်လုပ်ခဲ့ပါတယ်။ ကျွန်တေ်ာတို့အနေနဲ့ လူထုအတွက် ဘယ်လို အသုံးဝင်နိုင်မလဲ ဆိုတာ ပြောခဲ့ကြပါတယ်။ ရောဂါ လက္ခာဏာပြတဲ့ သူနာပြုတွေအနေနဲ့ သူတို့ရဲ့ မိသားစုနဲ့ ခွဲနေဖို့ လိုမယ် ဆိုတာ ကျွန်တော်တို့ သိခဲ့ကြပါတယ်။ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ကျွန်တော်တို့ မြင်နိုင်ခဲ့ပြီး လွန်ခဲ့တဲ့ အပတ်မှာ ကျွန်တော်တို့ရဲ့ ဟိုတယ်ကို သူနာပြုတွေအတွက် အခမဲ့ ဖွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်”လို့ ပြောသွားပါတယ်။