ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိအချိန်မှာ အောင်မြင် ကျော်ကြားတဲ့ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဂယ်ရီနဗီးလ် ကတော့ ပရီးမီးယားလိဂ်ရဲ့ လက်ကျန် ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာ ဖြစ်တဲ့ အဆင့်၄နေရာ အတွက် လန်ဒန်မြို့ခံ အသင်းနှစ်သင်း ဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးတို့က အပြိုင်အဆိုင် ဖြစ်နေရာမှ စပါးက အာဆင်နယ်ကို ကျော်ဖြတ်ပြီး အဆင့်၄ကို သိမ်းပိုက်နိုင်လိမ့်မယ် လို့ ခန့်မှန်းသွားခဲ့ပါတယ်။

လန်ဒန်မြို့ခံ အသင်းနှစ်သင်း ဖြစ်ကြတဲ့ အာဆင်နယ်နဲ့ စပါးတို့ဟာ ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာ ဖြစ်တဲ့ အဆင့်၄နေရာ အတွက် အပြိုင်အဆိုင် ဖြစ်နေကြတဲ့ အသင်းနှစ်သင်း ဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးဆုံးဖို့ ၂ပွဲသာ လိုအပ်တော့ချိန်မှာ သူတို့နှစ်သင်းကြား ရမှတ် ကွာဟချက်က ၁မှတ်သာ ရှိတာကြောင့် ဘယ်အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ကို အရယူနိုင်မလဲ ဆိုတာ အတော်လေးကို စောင့်ကြည့်ချင်စရာ ကောင်းနေပါတယ်။

Photo Credit: Sky Sports

လက်ရှိအချိန်မှာတော့ အာဆင်နယ်က စပါးထက် ရမှတ် ၁မှတ် အသာရနေကာ အဆင့်၄နေရာကို သိမ်းပိုက်ထားနိုင်တာကြောင့် သူတို့အသင်းကသာ လက်ကျန် ၂ပွဲစလုံးကို အနိုင်ရခဲ့ရင် အဆင့်၄နေရာနဲ့ ရာသီသိမ်းနိုင်ဖို့ ရှိနေပေမယ့် လက်ကျန်၂ပွဲမှာ အာဆင်နယ် ရင်ဆိုင်ရမယ့် အသင်းနှစ်သင်းက နယူးကာဆယ်နဲ့ အဲဗာတန်တို့ ဖြစ်နေတာကြောင့် စပါးအတွက် အဆင့်၄နေရာကို အပိုင် သိမ်းနိုင်မယ့် အခွင့်အလမ်းတွေ ကျန်နေသေးတယ်လို့ ဆိုရမှာပါ။

တဖက်မှာ စပါးက ခြေစွမ်းမာတဲ့ ဘန်လေ ၊ တန်းဆင်းသွားတဲ့ နောဝှစ်ချ်တို့နဲ့ ရင်ဆိုင်ရဖို့ ရှိနေတာကြောင့် သူတို့အသင်း အတွက် ဘန်လေနဲ့ပွဲကသာ ခက်ခဲဖို့ ရှိနေပေမယ့် အကယ်၍ စပါးကသာ ဘန်လေကို ရှုံးနိမ့်ကာ အာဆင်နယ်က နယူးကာဆယ်ကို အနိုင်ရသွားခဲ့ရင် အာဆင်နယ်နဲ့ စပါးတို့ ကြားထဲမှာ ရမှတ် ၄မှတ် အထိ ကွာဟသွားနိုင်တာကြောင့် စပါးအနေနဲ့ ၂ပွဲစလုံးကို ဗိုလ်လုပွဲသဖွယ် သဘောထားပြီး ကစားမှသာ အာဆင်နယ်ကို လိုက်မှီဖို့ မျှော်လင့်နိုင်မယ့် အနေအထားပါ။

Photo Credit: Sky Sports

ဒါကြောင့်ပဲ ပရီးမီးယားလိဂ်ရဲ့ လက်ကျန် ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာကို အာဆင်နယ်ကသာ သိမ်းပိုက်သွားလိမ့်မယ် ဆိုတဲ့ ခန့်မှန်းချက်တွေ တသီတသန်းကြီး ထွက်ပေါ်နေပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သူ ဂယ်ရီ နဗီးလ်ကတော့ စပါးကသာ အာဆင်နယ်ကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူသွားနိုင်လိမ့်မယ်လို့ သုံးသပ် ခန့်မှန်းသွားခဲ့ပါတယ်။

နဗီးလ်က – “ခင်ဗျားတို့တွေ စပါးရဲ့ လက်ကျန်ပွဲတွေကို ကြည့်လိုက်ပါ။ သူတို့က ဘန်လေကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိနေပြီး နောဝှစ်ချ်ကိုတော့ အဝေးကွင်းမှာ သွားရင်ဆိုင်ရဖို့ ရှိနေပါတယ်။ တဖက်မှာတော့ အာဆင်နယ်က နယူးကာဆယ်ကို အဝေးကွင်းမှာ ရင်ဆိုင်ရဖို့ ရှိနေပြီး အဲ့ဒီပွဲက သူတို့အတွက် အတော်လေးကို ခက်ခဲပါလိမ့်မယ်။ အထူးသဖြင့် စပါးက တနင်္ဂနွေနေ့ပွဲမှာ အနိုင်ရသွားခဲ့ရင်ပေါ့။ ပြီးတော့ အာဆင်နယ်ရဲ့ ရာသီပိတ်ပွဲ ဖြစ်တဲ့ အဲဗာတန်ကို အိမ်ကွင်းမှာ လက်ခံ ကစားရမယ့် ပွဲမှာလည်း အဲဗာတန်ကသာ အမှတ် လိုနေခဲ့ရင် အာဆင်နယ် အတွက် ရမှတ်အပြည့် ရယူနိုင်ဖို့ မလွယ်လောက်ပါဘူး။ ဒါကြောင့် စပါးကို အရှုံးပေးခဲ့ရတာက အာဆင်နယ် အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု တခုလို့ပဲ ကျွန်တော်က ထင်ပါတယ်။ ပြီးတော့ စပါးကပဲ ချန်ပီယံလိဂ်ဝင်ခွင့်ကို သိမ်းပိုက် သွားနိုင်မယ်လို့ မြင်ပါတယ်။ တကယ်လို့ ဒီကိစ္စကိုသာ လောင်းကြေး ထပ်ခွင့်ရရင်လည်း ကျွန်တော်က စပါးကိုပဲ လောင်းပါမယ်” လို့ ပြောကြားသွားခဲ့တာပါ။