ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ ဂန္တဝင် ညာနောက်ခံလူ တစ်ဦးဖြစ်သလို လက်ရှိအချိန်မှာ Sky Sports သတင်းဌာနရဲ့ ဘောလုံးသုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ ဂယ်ရီနဗီးလ်ကတော့ ယနေ့ မနက်မှာ ကစားခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပွဲစဉ်မှာ မန်ယူအသင်းရဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက် သွင်းယူခဲ့တဲ့ တတိယဦးဆောင်ဂိုး ကို တစ်ချိန်က မန်ယူ အသင်းရဲ့ နာမည်ကျော် သွင်းဂိုးတစ်ဂိုးနဲ့ နှိုင်းယှဉ်ကာ ချီးကျူးသွားခဲ့ပါတယ်။ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပွဲစဉ်မှာ မန်ယူအသင်းဟာ သုံးဂိုး ဂိုးမရှိ ဆိုတဲ့ ရလဒ်နဲ့ ဘရိုက်တန်အသင်း ကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့ပြီး အဆိုပါနိုင်ပွဲကြောင့် ပြိုင်ပွဲစုံ ၁၅ပွဲဆက် ရှုံးပွဲမရှိခဲ့တဲ့ စံချိန် မှတ်တမ်းတစ်ခုကို ရရှိခဲ့ပါတယ်။ ဘရိုက်တန် အသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ အဆိုပါ ပွဲစဉ်မှာ မန်ယူအသင်းဟာ အဓိက ကစားသမား အစုံအလင်ကို အသုံးပြုခဲ့ပြီး ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်က သွင်းဂိုး နှစ်ဂိုးနဲ့ လူငယ် တိုက်စစ်မှူး ဂရင်းဝုဒ်က သွင်းဂိုး တစ်ဂိုး အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။

Photo Credit: Guardian

အဆိုပါ သွင်းဂိုးတွေထဲမှာ လူပြောများနေတဲ့ သွင်းဂိုးကတော့ တန်ပြန်တိုက်စစ်ကနေ တဆင့် ဘရူနို ဖာနန်ဒက် သွင်းယူခဲ့တဲ့ တတိယမြောက် ဦးဆောင်ဂိုးပဲ ဖြစ်ပါတယ်။ အဆိုပါ သွင်းဂိုးဟာ ဘရိုက်တန်အသင်းဘက်က မန်ယူအသင်းကို တိုက်စစ်ဆင်နေချိန်မှာ မန်ယူအသင်းရဲ့ ဝါရင့် ကွင်းလယ်ခံစစ် ကစားသမား မာတစ် ဘောလုံးကို ရရှိခဲ့တာကနေ မြစ်ဖျားခံခဲ့တာ ဖြစ်ပြီး မာတစ်ဟာ ဘောလုံးကို ရရချင်းမှာပဲ မြေမကျ ကန်ချက်နဲ့အတူ ဘယ်တောင်ပံမှာ ရှိတဲ့ လူငယ် တိုက်စစ်မှူး ဂရင်းဝုဒ်ဆီ အဝေးဘော ပေးပို့ခဲ့ကာ ဂရင်းဝုဒ်ကလည်း ညာခြမ်းကနေ အသင့်လိုက်ပါလာတဲ့ ဘရူနို ဖာနန်ဒက်ဆီ တိကျတဲ့ ဖြတ်တင်ဘောနဲ့ ဘောလုံးပေးပို့ခဲ့ပြီး အဆိုပါ ဘောလုံးကို ဖာနန်ဒက်က မနားတမ်း ကန်သွင်းယူကာ အသင်းအတွက် တတိယဦးဆောင်ဂိုးကို သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။ ဘရိုက်တန်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပွဲအပြီးမှာတော့ ဂယ်ရီနဗီးလ်က အဆိုပါ သွင်းဂိုးကို မန်ယူအသင်းရဲ့ နာမည်ကျော် ကောင်တာ သွင်းဂိုးဖြစ်တဲ့ စီရိုနယ်ဒိုက အာဆင်နယ် အသင်းဘက်ကို သွင်းခဲ့တဲ့ သွင်းဂိုးနဲ့ နှိုင်းယှဉ် ကာ ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Guardian

ဒါပေမယ့် နဗီးလ် ဟာ အဆိုပါ ချီးကျူးမှုကို ပြုလုပ်စဉ်မှာ အမှားအယွင်းတစ်ခုကို ပြုလုပ်ခဲ့ပါသေးတယ်။ ဘရူနို ဖာနန်ဒက်ရဲ့ သွင်းဂိုးကို နဗီးလ်က ” ဒါကြီးက ရိုနယ်ဒို ၊ ရွန်းနီနဲ့ နာနီတို့ရဲ့ တွဲလုံး သွင်းဂိုးနဲ့ အရမ်းကို တူညီလွန်းပါတယ်။(တကယ်တော့ အာဆင်နယ်အသင်းကို သွင်းခဲ့တဲ့ သွင်းဂိုရဲ့ တွဲလုံးဟာ ရိုနယ်ဒို ၊ ပတ်ဂျီဆန် ၊ ရွန်းနီတို့ရဲ့ တွဲလုံးပါ) ဒီတန်ပြန်တိုက်စစ်ရဲ့ အမြန်နှုန်းက တကယ်ကို မြန်ဆန်လွန်းပါတယ်။ ဒီနေရာမှာ မမေ့သင့်တာက ဟယ်ရီ မက်ဂွိုင်းယားရဲ့ ခေါင်းတိုက်ချက်ပါ။ အမြင့် ၊ အကွာအဝေး ကွက်တိပါပဲ။ ပြီးတော့ မာတစ်ရဲ့ အရမ်းလှပတဲ့ ပေးပို့မှုတစ်ခုနဲ့အတူ သူတို့အားလုံး ပြေးတက်သွားကြပါတယ်။ ဒီမှာ အရေးကြီးတာက ရက်ဖို့ဒ်ရဲ့ အမြန်နှုန်းပါ။ သူ့ရဲ့ အမြန်နှုန်းကြောင့် ဒန်ဘန်း (ဘရိုက်တန် ခံစစ် ကစားသမား) ဟာ ဂိုးဧရိယာထဲကို ရောက်သွားပြီး ဖာနန်ဒက်က လွတ်သွားပါတယ်။ ဒီနေရာမှာ မေးခွန်းထုတ်ရမှာက သူ့ဆီမှာ မြေမကျ ကန်ချက်နဲ့ ဂိုးရယူဖို့ လုံလောက် တဲ့ နည်းစနစ်ကျွမ်းကျင်မှု ရှိလား ဆိုတာပါပဲ။ ဖာနန်ဒက်ကတော့ ဒါကို အကောင်းဆုံး သက်သေ ပြသွားခဲ့ပါတယ်။ ဂရင်းဝုဒ်ရဲ့ ပေးပို့မှုက အံ့မခန်းပါပဲ။ အရာအားလုံးက ကွက်တိကျသွားခဲ့ပါတယ်။ ဒီလိုသွင်းဂိုးမျိုးကို ကြည့်နေရတာက တကယ်ကို တန်ဖိုးရှိပါတယ် ” လို့ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။