ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ် ဝေဖန်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဂယ်ရီ နဗီးလ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ ခရစ္စတယ် ပဲလေ့စ်နဲ့ အာဆင်နယ်တို့ရဲ့ ပွဲမှာ အာဆင်နယ်အတွက် ခြေစွမ်းပြ ကစားပေးရင်း ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုပါ ရရှိခဲ့တဲ့ လူငယ် ခံစစ်မှူး ဆာလီဘာကို အထူးတလည် ချီးကျူးသွားခဲ့ပါတယ်။

ခရစ္စတယ် ပဲလေ့စ်နဲ့ အာဆင်နယ်တို့က ပရီးမီးယားလိဂ် အဖွင့်ပွဲ အဖြစ် ခရစ္စတယ် ပဲလေ့စ်ရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ အာဆင်နယ်က တိုက်စစ်မှူး မာတီနယ်လီရဲ့ သွင်းဂိုး ၊ ခရစ္စတယ် ပဲလေ့စ် နောက်ခံလူ ဂွေဟီရဲ့ လက်ဆောင်သွင်းဂိုးတို့နဲ့ အတူ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Metro

အဆိုပါပွဲစဉ်မှာ အာဆင်နယ်က နှစ်ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်းက ခရစ္စတယ် ပဲလေ့စ်ရဲ့ ကွင်းလယ်ကို ထိန်းချုပ် ကစားနိုင်စွမ်း မရှိတာကြောင့် ခရစ္စတယ် ပဲလေ့စ်ဘက်ကို ဂိုးသွင်းခွင့်တွေ ပြန်လည် ခွင့်ပြုပေးခဲ့ရပြီး ဗဟိုနောက်ခံအတွဲ ဖြစ်တဲ့ ဆာလီဘာနဲ့ ဂါဘရီရယ်တို့ရဲ့ ခြေစွမ်းပြသမှု ၊ ဂိုးသမား ရမ်စဒယ်ရဲ့ နေရာယူ မှန်မှန်နဲ့ ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့တာတွေကြောင့်သာ ပေးဂိုးမဲ့ နိုင်ပွဲတပွဲကို ရရှိခဲ့တာပါ။

ဒါကြောင့်ပဲ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဂယ်ရီနဗီးလ်က အာဆင်နယ်ရဲ့ လူငယ် ခံစစ်မှူး ဆာလီဘာကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဆာလီဘာဟာ သူ့ရဲ့ အသင်းဖော်ဟောင်းလည်းဖြစ် ၊ အင်္ဂလန်ရဲ့ ဂန္တဝင် ခံစစ်မှူးလည်း ဖြစ်တဲ့ ရီယို ဖာဒီနန်နဲ့ ဆင်တူတဲ့ ကစားသမား ဖြစ်ကြောင်း ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Metro

ဂယ်ရီနဗီးလ်က – “ကျွန်တော်က ဆာလီဘာနဲ့ ပတ်သတ်ပြီး အတော်လေးကို အားရကျေနပ်ပါတယ်။ သူက ကျွန်တော့်ကို ဖာဒီနန်ကိုတောင် ပြန်လည် အမှတ်ရစေခဲ့ပါတယ်။ သူက အသက် ၂၁နှစ်သာ ရှိသေးတာကြောင့် အတော်လေးကို ငယ်ရွယ်တဲ့ ခံစစ်မှူးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် သူက ဒုတိယပိုင်းမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အာဆင်နယ်ရဲ့ ကစားပုံက အကောင်းကြီး မဟုတ်ခဲ့ပါဘူး။ ဒါကြောင့် ဆာလီဘာ တယောက် ခြေစွမ်းပြနိုင်ခဲ့တာက အာတီတာ အတွက် ကျေနပ်စရာ တခု ဖြစ်ခဲ့ပါတယ်။ ခရစ္စတယ် ပဲလေ့စ်က ရင်ဆိုင်ရ ခက်ခဲတဲ့ ပြိုင်ဘက်အသင်း ဖြစ်လို့ ဆာလီဘာက အရမ်းကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည် တရပ်ကို ပြသနိုင်ခဲ့တာပါ” လို့ ချီးကျူးသွားခဲ့တာပါ။