မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီး ဂယ်ရီနဗီးလ်က သူ့အသင်းဟောင်းအနေနဲ့ ဒီနှစ် ဘောလုံးရာသီထဲ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာအတွင်းတောင် ဝင်ရောက်နိုင်မှာ မဟုတ်ဘူးလို့ ဝေဖန် ပြောဆိုလိုက်ပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၈)အပြီး (၄)ပွဲနိုင် (၄)ပွဲရှုံးထားကာ ရမှတ် (၁၂)မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် (၁၀)နေရာအထိ ရောက်ရှိနေတဲ့ မန်ယူနိုက်တက်အသင်းဟာ ရာသီအကုန်မှာ Top 5 အတွင်းတောင် ရပ်တည်နိုင်မှာ မဟုတ်ဘူးလို့ နဗီးလ်က သုံးသပ်လိုက်ပါတယ်။

 

Photo Credit : Sportskeeda

“မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ထိပ်ဆုံး အသင်း(၅)သင်းစာရင်းထဲ ဝင်လိမ့်မယ်လို့ ကျွန်တော် မထင်မိဘူး။ ဒါကို ကျွန်တော် အံ့အားသင့်မိရပါတယ်။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက သူတို့ကို ကျွန်တော်ကိုယ်တိုင် တတိယနေရာ ပေးထားခဲ့တာကြောင့်ပါ။”

“အခုတော့ သူတို့က ပြိုင်ဘက်အသင်းတွေနဲ့ အလှမ်းဝေးပြီလို့ ထင်မိပါတယ်။ ပြီးတော့ ဂိုးသမားကလည်း တည်ငြိမ်မှု ကင်းမဲ့နေပါတယ်။ ဒါဟာ ပြသာနာတစ်ခုပါပဲ။ ဂိုးသမားကပါ တည်ငြိမ်မှု ရှိမနေရင် အသင်းအတွက်ကိုလည်း ဖိအား ကြီးကြီးမားမား ဖြစ်စေနိုင်ပါတယ်။” လို့ နဗီးလ်က မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sky Sports

မန်ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ (၁၁)ပွဲ ကစားလို့အပြီး ပရီးမီးယားလိဂ်မှာ ရှုံးပွဲ (၄)ပွဲနဲ့ ချန်ပီယံလိဂ်မှာလည်း အုပ်စုအဖွင့် (၂)ပွဲလုံး ရှုံးနိမ့်ထားခဲ့တာကြောင့် ဒီပြိုင်ပွဲကြီး နှစ်ခုလုံးအတွင်း အခြေအနေမကောင်းတော့သလို ဖြစ်နေခဲ့ရပါတယ်။

ဒီလို အခြေအနေတွေကြောင့် နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ အနာဂတ်ပါ လှုပ်ခတ်လာခဲ့ရပြီး တန်ဟက်ဂ်ကိုယ်တိုင်ကတော့ သူ့ကို အသင်းဘုတ်အဖွဲ့ဝင်တွေဘက်က ယုံကြည်မှု ပေးထားတယ်လို့ တုံ့ပြန်ထားခဲ့သလို အခုတစ်ပတ် နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ အသင်းရလဒ်တွေ ပြန်လည်ကောင်းမွန်အောင် အသေအချာ လုပ်ဆောင်သွားရဖို့လည်း မဖြစ်မနေ လိုအပ်နေပါတယ်။