နာမည်ကျော် ပရီးမီးယားလိဂ် အသင်းဖြစ်တဲ့ မန်ယူအသင်းရဲ့ ဂန္တဝင်နောက်ခံလူ တစ်ဦး ဖြစ်တဲ့ ဂယ်ရီနဗီးလ်ကတော့ မန်ယူအသင်းဟာ ပြိုင်ဘက် ပရီးမီးယားလိဂ် အသင်းတစ်သင်း ဖြစ်တဲ့ စပါးအသင်းရဲ့ အဓိကတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် ကြိုးစားလာမှာ ဖြစ်တယ်လို့ ဟောကိန်းထုတ်သွားခဲ့ပါတယ်။ စပါးအသင်းရဲ့ အဓိကတိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ဟယ်ရီကိန်းဟာ အင်္ဂလန်အသင်း ရဲ့ အသင်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာ စပါးအသင်းရဲ့ ဘဏ္ဏာရေး အကြပ်အတည်းကြောင့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းထုတ်ခံရဖို့ ရှိနေတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Express.com

အသက် ၂၆နှစ်အရွယ် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ သူ့ကို မြေတောင်မြှောက်ပေးခဲ့တဲ့ နည်းပြ ပိုချက်တီနိုကို ထုတ်ပယ်ကာ မန်ယူ အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြ မော်ရင်ဟိုကို အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တဲ့ စပါးအသင်းရဲ့ လုပ်ဆောင်ချက်ကို သဘောမကျဖြစ်နေပြီး မော်ရင်ဟိုရဲ့ လက်အောက်မှာ စပါးအသင်းဟာ တိုးတက်လာမှာ မဟုတ်ဘူးလို့ ယူဆနေတာကြောင့် အသင်းပြောင်းဖို့ စိတ်ဝင်စားနေသူပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် စပါးအသင်းကလဲ ဟယ်ရီကိန်းကို ရောင်းထုတ်ဖို့ ရှိနေတဲ့ အနေအထား ၊ ဟယ်ရီကိန်းကလဲ စပါးအသင်းကနေ ထွက်ခွာဖို့ ကြိုးစားချင်တဲ့စိတ်တွေကြောင့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကိန်း ဟာ စပါးအသင်းကို ကျိန်းသေပေါက် စွန့်ခွာနိုင် တယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ် ထားကြပြီး ဂယ်ရီနဗီးလ်ကတော့ မန်ယူအသင်း ဟာ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားလာမယ် လို့ ခန့်မှန်းသွားခဲ့ပါတယ်။

Photo Credit: Express.com

မန်ယူအသင်းက ဟယ်ရီကိန်းကို ခေါ်ယူဖို့ အတွက် လှုပ်ရှားလာနိုင်တဲ့ အကြောင်းကို ဂယ်ရီနဗီးလ်က ” ကျွန်တော်ကတော့ ကိန်းရဲ့ အပြောင်းအရွှေ့ဟာ မန်ယူအသင်းရဲ့ သမိုင်းမှာ ဖြစ်ပေါ်ခဲ့ဖူးတဲ့ အပြောင်းအရွှေ့တွေနဲ့ ဆင်တူနေတယ်လို့ ထင်ပါတယ်။ ပြောရမယ်ဆိုရင် ရော့ဘ်ဆင် ၊ ရိုင်ကိန်း ၊ ဖာဒီနန် ၊ ရွန်းနီတို့ကို ခေါ်ယူခဲ့တာတွေ အလန်ရှီးယားကို ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ဆင်တူ နေပါတယ်။ မန်ယူအသင်းဟာ အင်္ဂလန်ကစားသမားတွေ ၊ အိုင်ယာလန်ကစားသမားတွေ အတွက် ပြောင်းရွှေ့ကြေးကို ဘယ်တော့မှ နှမြောတဲ့ အသင်း မဟုတ်ပါဘူး။ ဟယ်ရီကိန်းဟာ ခေါင်းဆောင်ကောင်း တစ်ယောက်ပါ။ ပြီးတော့ ထိပ်တန်း ကစားသမားလဲ ဖြစ်ပါတယ်။ ဒီတော့ သူ့ကို ခေါ်ယူလိုက်ရင် အကျိုးယုတ်မယ့် ကိစ္စတွေ ဖြစ်မလာနိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ် ” လို့ သုံးသပ်ပြောဆိုသွားခဲ့တာပါ။