ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိမှာ အောင်မြင်တဲ့ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ဂယ်ရီနဗီးလ်က အာဆင်နယ်ကသာ ဒီရာသီမှာ လိဂ်ချန်ပီယံဆုကို ရခဲ့ရင် အာဆင်နယ်ဂျာစီ ဝတ်ပြမယ်လို့ ပြောရင်း အာဆင်နယ် ပရိသတ် တဦးနဲ့ လောင်းကြေးထပ်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ အောင်မြင်မှု အလီလီ ဆွတ်ခူးနိုင်ခဲ့တဲ့ ဂယ်ရီနဗီးလ်က ကစားသမားဘဝ ကနေ အနားယူပြီးနောက် နည်းပြလောကထဲကို ခြေချခဲ့ပေမယ့် အောင်မြင်မှု မရခဲ့တာကြောင့် ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် ပြောင်းလဲ လုပ်ကိုင်ခဲ့ပြီး ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင်ချိန်မှာ သူ့ရဲ့ ရယ်စရာကောင်းတဲ့ အလောင်းအစားတွေ ၊ စိတ်ဝင်စားဖွယ်ရာ သုံးသပ်မှုတွေနဲ့ အောင်မြင်ခဲ့ပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ ဂယ်ရီနဗီးလ်က လက်ရှိမှာလည်း ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် ဆက်လက် လုပ်ကိုင်နေဆဲ ဖြစ်ပြီး ယမန်နေ့ညမှာတော့ ဂယ်ရီနဗီးလ်က တွစ်တာပေါ်မှာ အာဆင်နယ် ပရိသတ် တဦးနဲ့ အလောင်းအစား တခု ပြုလုပ်ခဲ့ပါသေးတယ်။

ဂယ်ရီနဗီးလ်က Kurt the Genius ဆိုတဲ့ အကောင့်ပိုင်ရှင် အာဆင်နယ် ပရိသတ် တဦးနဲ့ အလောင်းအစား တခု ပြုလုပ်ခဲ့တာ ဖြစ်ပြီး Kurt the Geniusက ဂယ်ရီနဗီးလ်ကို အာဆင်နယ်သာ ပရီးမီးယားလိဂ်ဖလား ရခဲ့ရင် နဗီးလ် တယောက် ကတုံးတုံးကာ အမ်းမရိတ်ကွင်းထဲ လာသင့်ကြောင်း ပြောခဲ့ပါတယ်။

Photo Credit: Express

ဂယ်ရီနဗီးလ်ကလည်း Kurt the Geniusရဲ့ စိန်ခေါ်မှုကို “တကယ်လို့ အာဆင်နယ်က ချန်ပီယံ ဖြစ်သွားရင် ငါက အာဆင်နယ်ဂျာစီကို ဝတ်ပြီး အာဆင်နယ်ရဲ့ အောင်ပွဲအတွက် မင်းနဲ့အတူတူ အောင်ပွဲခံပေးမယ်။ တကယ်လို့ အာဆင်နယ်က ချန်ပီယံ မဖြစ်ခဲ့ရင် မင်းက လေးဘက်ထောက်ပြီးတော့ ဂယ်ရီရေ… တောင်းပန်ပါတယ်လို့ ပြောပေးရမယ်” ဆိုပြီး လက်ခံကာ တဖန် ပြန်လည် စိန်ခေါ်သွားခဲ့တာပဲ ဖြစ်ပါတယ်။

အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၂၅) အပြီးမှာ ရမှတ် ၆၀ အထိ စုဆောင်းထားနိုင်ပြီး ဒုတိယနေရာမှာ ရှိနေတဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးကို ရမှတ် ၅မှတ် ဖြတ်တောက်ထားနိုင်ကာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်နေပါတယ်။