ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိအချိန်မှာ အောင်မြင်တဲ့ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဂယ်ရီနဗီးလ် ကတော့ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ဟာ နည်းပြသစ် ခန့်အပ်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ အက်သလက်တီကို မက်ဒရစ်ရဲ့ နည်းပြ ဆီမြွန်နီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

နာမည်ကျော် စကော့တလန် ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ရဲ့ လက်ထက်မှာ ဆုဖလားပေါင်း များစွာကို ရယူနိုင်ခဲ့ဖူးတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ဆာအဲလက်စ် ဖာဂူဆန်ကို ဆုံးရှုံးခဲ့ရပြီးနောက် ယခင်လို အောင်မြင်မှုတွေ ရရှိဖို့ ရုန်းကန်ခဲ့ရပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း နည်းပြနှစ်ဦး အထိ အပြောင်းအလဲ လုပ်ထားရပါတယ်။

Photo Credit: Mirror

မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တဦး ဖြစ်သူ ဆိုးလ်ရှားကို နည်းပြရာထူး ကနေ ထုတ်ပယ်ကာ ဂျာမန် ဘောလုံးဂုရုကြီး ရန်းဂ်နစ်ကို ယာယီနည်းပြ အဖြစ် ခန့်အပ်ခဲ့ပေမယ့် အသင်းရဲ့ ရလဒ်ပိုင်းတွေက မတိုးတက်လာတာကြောင့် မကြာခင်မှာပဲ အသင်းကို ရေရှည် ကိုင်တွယ်နိုင်သလို အောင်မြင်မှုတွေလည်း ရယူပေးနိုင်မယ့် ထိပ်တန်း နည်းပြတဦးကို ခေါ်ယူခန့်အပ်ဖို့ ပြင်ဆင်နေပြီး လက်ရှိမှာတော့ အေဂျက်နည်းပြ တန်ဟက်ဂ်နဲ့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုတို့က မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်ဖို့ ရေပန်းစားနေကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် အဖြစ် ကာလရှည် တာဝန်ယူပေးခဲ့သူ ဂယ်ရီနဗီးလ် ကတော့ လက်ရှိအချိန်မှာ သူ့ရဲ့ အသင်းဟောင်းဟာ ရဲရင့်ပြီး ယုံကြည်ရာကို ခပ်ကြမ်းကြမ်း လုပ်တတ်တဲ့ နည်းပြတဦးကို လိုအပ်နေတာ ဖြစ်ကြောင်းနဲ့ အက်သလက်တီကို မက်ဒရစ်ရဲ့ နည်းပြ ဆီမြွန်နီက သူ့ရဲ့ အသင်းဟောင်းနဲ့ သင့်တော်တဲ့ နည်းပြတဦး ဖြစ်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

Photo Credit: Mirror

ဂယ်ရီနဗီးလ်က – “ဆီမြွန်နီက မန်ယူအသင်းရဲ့ နည်းပြသစ် လျာထားစာရင်းထဲမှာ ပါဝင်သင့်ပါတယ်။ ဒါပေမယ့် သူ့ကို အက်သလက်တီကို မက်ဒရစ်နဲ့ ခွဲဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စတရပ်တော့ မဟုတ်ပါဘူး။ သူက ထိပ်တန်းနည်းပြ တဦး ဖြစ်သလို နိုင်ပွဲတွေ ရဖို့ ဘာမဆို လုပ်ဆောင်တဲ့ လူတယောက်ပါ။ သူက ကြမ်းတမ်းတဲ့ နည်းပြတဦးလည်း ဖြစ်ပါတယ်။ ကျွန်တော်ကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ သူ့လိုမျိုး ကြမ်းတမ်းတဲ့ နည်းပြတယောက်ကို လိုအပ်နေတယ်လို့ပဲ ယူဆပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။