MySport Myanmar

အာဆင်နယ်က ချန်ပီယံ မဖြစ်နိုင်တော့ဘူးလို့ ပြောလာတဲ့ ဂယ်ရီနဗီးလ်နဲ့ ရိုင်ကိန်း

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမားတွေ ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေကြတဲ့ ဂယ်ရီနဗီးလ်နဲ့ ရိုင်ကိန်းတို့ကတော့ မန်ယူရဲ့ အစဉ်အလာပြိုင်ဘက် အာဆင်နယ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ မဖြစ်နိုင်တော့ဘူးလို့ တညီတညွတ်ထဲ သုံးသပ်သွားခဲ့ကြပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ဆယ်စုနှစ် ၂စု နီးပါး ကြာအောင် ဝေးကွာနေခဲ့တဲ့ အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီမှာ နည်းပြ အာတီတာရဲ့ ဦးဆောင်မှုနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးနဲ့ ယှဉ်ပြိုင်နေရပြီး ပရီးမီးယားလိဂ် ပွဲစဉ်(၃၁) အပြီးမှာ အာဆင်နယ်က မန်ချက်စတာ စီးတီးထက် ၁ပွဲပို ကစားထားရာမှာ ရမှတ် ၄မှတ် အသာရနေပါတယ်။

Photo Credit: Sports Bible

လက်ကျန် ၁ပွဲမှာ မန်ချက်စတာ စီးတီးက အနိုင်ရခဲ့ရင်တောင် အာဆင်နယ်က ရမှတ် ၁မှတ်အသာနဲ့ အဆင့်(၁) နေရာမှာ ဆက်လက် ရပ်တည်နိုင်ဦးမှာ ဖြစ်ပေမယ့် အာဆင်နယ်က လက်ကျန် ၇ပွဲမှာ မန်ချက်စတာ စီးတီး ၊ ချယ်လ်ဆီး ၊ ဘရိုက်တန်နဲ့ နယူးကာဆယ် စတဲ့ ပွဲကျပ် ၄ပွဲကို ကန်ရပါဦးမယ်။ တဖက်မှာ မန်ချက်စတာ စီးတီးက လက်ကျန် ၈ပွဲမှာ အာဆင်နယ် ၊ ဘရိုက်တန်နဲ့ ချယ်လ်ဆီး စတဲ့ အသင်းတွေနဲ့သာ ပွဲကျပ် ကစားရဖို့ ရှိနေပါတယ်။

ပွဲစဉ်အနေအထား အရ မန်ချက်စတာ စီးတီးရဲ့ အိမ်ကွင်း အီတီဟတ်မှာ ကစားရမယ့် မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်က ပရီးမီးယားလိဂ် ချန်ပီယံ ဘယ်အသင်း ဖြစ်မလဲ ဆိုတာကို ဆုံးဖြတ်ပေးမယ့် ပွဲစဉ်ဖြစ်ပြီး အဆိုပါပွဲမှာ အိမ်ရှင် မန်ချက်စတာ စီးတီးက အနိုင်ရရင် မန်ချက်စတာ စီးတီးက ချန်ပီယံဘွဲ့ကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အခွင့်အလမ်း များသွားမှာ ဖြစ်ကာ အာဆင်နယ်က အနိုင်ရခဲ့ရင် အာဆင်နယ်က ဆယ်စုနှစ် ၂စုနီးပါး ကြာအောင် မရခဲ့တဲ့ ချန်ပီယံဘွဲ့ကို ပြန်လည် သိမ်းပိုက်နိုင်ဖို့ အခွင့်အလမ်း များသွားမှာပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

ယမန်နေ့ညမှာ ကစားခဲ့တဲ့ ဝက်စ်ဟမ်း ၂-၂ အာဆင်နယ် ပွဲအပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ ဂယ်ရီနဗီးလ်နဲ့ ရိုင်ကိန်းတို့က အာဆင်နယ်ဟာ မန်ချက်စတာ စီးတီးထက် ရမှတ် ၄မှတ် အသာရနေပေမယ့် ချန်ပီယံဆုကို ရနိုင်တော့မှာ မဟုတ်ပဲ မန်ချက်စတာ စီးတီးကသာ ချန်ပီယံဘွဲ့ကို ဆက်လက် ထိန်းသိမ်းသွားနိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်သွားခဲ့ပါတယ်။

ဂယ်ရီနဗီးလ်က – “ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံလုပွဲတွေက အမြဲတမ်းလိုလို အန်ဖီးလ်ကွင်းဆီ ရောက်မှ စတင်ပြီး အသက်ဝင်လာတယ်လို့ ပြောရင် မှားမယ် မထင်ပါဘူး။ ခင်ဗျားတို့တွေ ပွဲစဉ်ဇယားကို တချက် ကြည့်လိုက်ပါ။ ရာသီအစတုန်းက အာဆင်နယ်ဟာ ဒီအချိန် ဒီလိုနေရာမျိုးမှာ (ချန်ပီယံလုပွဲထဲ ရောက်နေတာကို ပြောချင်တာပါ) ရှိမယ်လို့ လာပြောရင် ဘယ်သူကမှ ယုံမယ် မထင်ပါဘူး။ ဒါကြောင့် အာဆင်နယ်က ဒီရာသီကို အဆင့်(၂)နဲ့ အဆုံးသတ်ခဲ့ရင်လည်း သူတို့အတွက် မယုံကြည်နိုင်စရာကောင်းတဲ့ ရာသီတခု ဖြစ်နေဦးမှာပါပဲ” လို့ ပြောကြားသွားခဲ့တာပါ။

ရိုင်ကိန်းကလည်း – “အာဆင်နယ်က အဆင့်(၂)နဲ့ ရာသီသိမ်းခဲ့မယ် ဆိုရင် ပျော်နေမယ်လို့တော့ မထင်ပါဘူး။ သူတို့က တရာသီလုံး အဆင့်(၁)နေရာမှာ ရှိနေခဲ့တာပါ။ ဒါကြောင့် သူတို့သာ အဆင့်(၂)နဲ့ အဆုံးသတ်မယ် ဆိုရင် ဒါဟာ ဆိုးရွားတဲ့ ရာသီပဲ ဖြစ်ပါလိမ့်မယ်။ သူတို့က ဖလားပြိုင်ပွဲတွေ အားလုံးကနေ ထွက်ပြီးမှ ဒီပြိုင်ပွဲကို အာရုံစိုက်ခဲ့တာပါ။ ပြီးတော့ သူတို့က ပြီးခဲ့တဲ့အပတ်မှာ ၂-၀နဲ့ ဦးဆောင်ပြီးမှ သရေပြန်ကျခဲ့သလို ဒီနေ့မှာလည်း ၂-၀နဲ့ ဦးဆောင်ပြီးမှ သရေပြန်ကျခဲ့တာပါ။ သူတို့တွေက အတော်လေး စိတ်ပျက်နေကြမယ် ထင်ပါတယ်” ဆိုပြီး ဖွင့်ဟ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version