Sky Sports ရုပ်သံရဲ့ နာမည်ကျော် ဘောလုံး Pundit ဖြစ်သူ ဂယ်ရီနဗီးလ်က ဒီရာသီမှာ တော့တင်ဟမ် ဟော့စပါးအသင်းထက် လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ် ချန်ပီယံဆုဖလားကို ရရှိနိုင်ခြေ ပိုများတယ်လို့ သုံးသပ် ပြောကြားလိုက်ပါတယ်။

ဒီရာသီမှာ စပါးအသင်းက အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိ ကစားထားနိုင်ပြီး (၈)ပွဲကစား (၆)ပွဲနိုင် (၂)ပွဲသရေ ရမှတ် (၂၀)နဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေကာ လီဗာပူးလ်ကတော့ စပါးနဲ့ ရမှတ် (၃)မှတ်အကွာ အဆင့်(၄)နေရာတွင် ရပ်တည်နေပါတယ်။

Photo Credit : TEAMtalk

စပါးက ဒီရာသီမှာ နည်းပြသစ် ပိုစတီကိုဂလူးလက်ထက် အကောင်းဆုံးပုံစံမှာ ရှိနေရပြီး ရလဒ်တွေလည်း ကောင်းမွန်နေသလို ဥရောပပြိုင်ပွဲတွေလည်း ရှိမနေတာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ တစ်ခုတည်းသာ အာရုံစိုက်ဖို့ ရှိနေရပါတယ်။

ဒါပေမယ််လည်း နဗီးလ်ကတော့ မန်စီးတီး အာဆင်နယ်တို့လို အသင်းတွေကို ဖယ်လိုက်မယ်ဆိုရင် စပါးထက် လီဗာပူးလ်ကသာ ပရီးမီးယားလိဂ် ချန်ပီယံ ပိုပြီး ဖြစ်နိုင်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။ “သူတို့ လုပ်နိုင်တယ်။ သူတို့က စပါးအသင်းထက် ပိုပြီး ဖြစ်နိုင်ခြေ ရှိတယ်ဆိုတာကို လုံးဝ သံသယ ရှိမနေသင့်ဘူးလို့ ကျွန်တော် ထင်မိတယ်။ လီဗာပူးလ်က သူတို့နဲ့ ပတ်သက်ပြီး တစ်ခုခု ရရှိနေပြီလို့ ထင်ပါတယ်။”

Photo Credit : Sky Sports

“သူတို့ရဲ့ ကွင်းလယ် နဲ့ ခံစစ်ပိုင်းတွေအတွက် မေးခွန်းထုတ်စရာတွေ ရှိနေကြလို့ သူတို့ကို အဲ့ဒီအထိ ရောက်မယ်လို့ မထင်ခဲ့ရပေမယ့် သူတို့မှာ ရှိနေတဲ့ နည်းပြကြောင့် သူတို့ကို ပရီးမီးယားလိဂ် ချန်ပီယံဆု စိန်ခေါ်သူတွေအဖြစ် ဆက်လက် သတ်မှတ်ထားရပါလိမ့်မယ်။ ယာဂင်က တကယ့်ကို ထူးချွန်တဲ့ နည်းပြတစ်ဦးပါ။ သူက အကောင်းဆုံးတွေထဲက တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ် နဲ့ မန်စီးတီးတို့ကလည်း နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ကြဦးမယ်လို့ ကျွန်တော် ထင်မိတယ်။” လို့ နဗီးလ်က ပြောဆို သုံးသပ်လိုက်ပါတယ်။

နဗီးလ်က အခုလို သုံးသပ်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း နဗီးလ်နဲ့အတူ Pundit လုပ်ဆောင်နေသူ လီဗာပူးလ် ကစားသမားဟောင်း ကာရေဂါကတော့ ဒီရာသီမှာ လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ကစားဖို့ မလွယ်ကူဘူးလို့ မှတ်ချက်ပြုထားခဲ့ပါသေးတယ်။