ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဂယ်ရီ နဗီးလ်ကတော့ သူဟာ ယခုတပတ်မှာ ယှဉ်ပြိုင် ကစားမယ့် လီဗာပူးနဲ့ မန်ချက်စတာ စီးတီးတို့ ပွဲမှာ ဟာလန်းနဲ့ ဗန်ဒိုက်တို့ရဲ့ အားပြိုင်ပွဲကို အမြင်ချင်ဆုံးပဲလို့ ထုတ်ပြောလာပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်း နှစ်သင်းလို့ တင်စားခံထားရတဲ့ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ဟာ ယခုတပတ်မှာတော့ လီဗာပူးရဲ့ အိမ်ကွင်း အန်ဖီးလ်မှာ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပြီး အဆိုပါပွဲစဉ်ဟာ ယခုတပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲမှာ အကောင်းဆုံးပွဲစဉ် အဖြစ် သတ်မှတ်ခံထားရပါတယ်။

Photo Credit: Team Talk

လီဗာပူးနဲ့ မန်ချက်စတာ စီးတီးတို့က နောက်ပိုင်းနှစ်တွေမှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး အသင်းတွေ ဖြစ်ကြပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ လီဗာပူးဟာ မထင်မှတ်ပဲ ရလဒ်တွေ ဆိုးဝါးနေတာကြောင့် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံမယ့် ပွဲစဉ်မှာ ဧည့်သည် မန်ချက်စတာ စီးတီးကပဲ အနိုင်ရသွားလိမ့်မယ်လို့ သုံးသပ် ခန့်မှန်းထားကြပါတယ်။

ဒါပေမယ့် လီဗာပူးက ရာသီအဖွင့်ပွဲ အဖြစ် မန်ချက်စတာ စီးတီးနဲ့ ကွန်မြူနတီဒိုင်းလုပွဲ ယှဉ်ပြိုင် ကစားခဲ့ရချိန်က လီဗာပူးဟာ မန်ချက်စတာ စီးတီးကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရထားတာကြောင့် အန်ဖီးလ်မှာ ယှဉ်ပြိုင် ကစားရမယ့် ပွဲစဉ်မှာလည်း လီဗာပူးက ရလဒ်ကောင်း တစုံတရာ ရယူသွားနိုင်ပါတယ်။

Photo Credit: Team Talk

ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဂယ်ရီ နဗီးလ်ကတော့ လီဗာပူးဟာ လက်ရှိမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပေမယ့် မန်ချက်စတာ စီးတီးရဲ့ အခက်ခဲဆုံးပြိုင်ဘက် ဖြစ်နေဆဲပဲလို့ ယုံကြည်နေပြီး ဟာလန်းနဲ့ ဗန်ဒိုက်တို့ နှစ်ဦး အားပြိုင်ပွဲကိုလည်း စောင့်ကြည့်ချင်ကြောင်း ဆိုပါတယ်။

ဂယ်ရီ နဗီးလ်က – “ကျွန်တော်ကတော့ လီဗာပူးဟာ လတ်တလောမှာ ဘာတွေပဲဖြစ်နေ ဖြစ်နေ တနင်္ဂနွေနေ့ပွဲမှာ မန်ချက်စတာ စီးတီးကို အကောင်းဆုံး ဒုက္ခပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ မန်ချက်စတာ စီးတီးက ဒီရာသီရဲ့ အခက်ခဲဆုံးပွဲ တပွဲကို ရင်ဆိုင် ကစားသွားရမှာပါ။ ဒီပွဲမှာ ဘယ်အသင်းက အသာစီး ရသွားမလဲ ဆိုတာ ပြောရခက်ပါတယ်။ ဒါပေမယ့် ဒီပွဲနဲ့ ပတ်သတ်ပြီး အမျှော်လင့်ဆုံးနဲ့ အကြည့်ချင်ဆုံးအရာက ဟာလန်းနဲ့ ဗန်ဒိုက်တို့ရဲ့ အားပြိုင်ပွဲပါ။ ဟာလန်းနဲ့ ဗန်ဒိုက်တို့ အားပြိုင်ပွဲမှာ ဘယ်လိုရလဒ်တွေ ထွက်လာမလဲ ဆိုတာကို တောက်လျှောက် တွေးမိနေပါတယ်။ ဗန်ဒိုက်က ဒီရာသီမှာ အနည်းငယ် ရုန်းကန်နေရပေမယ့် သူက ပြီးခဲ့တဲ့ ၃ ၊ ၄နှစ် အတွင်းမှာ ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူ ဖြစ်ခဲ့ပါတယ်။ အခုတော့ သူက တကယ့်ကို ပြိုင်ဘက်ကင်း စွမ်းဆောင်ရည်မျိုး ပြသထားနိုင်တဲ့ တိုက်စစ်မှူးနဲ့ ရင်ဆိုင်ရပါတော့မယ်။ လီဗာပူးရဲ့ ခံစစ်ကလည်း သူတို့ရဲ့ ခံစစ်ကြောင်း အနောက်မှာ ရှိနေတဲ့ နေရာလွတ်တွေကို အကောင်းဆုံး ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာပါလိမ့်မယ်။ ကျွန်တော်ကတော့ ဟာလန်းနဲ့ ဗန်ဒိုက်တို့ရဲ့ အားပြိုင်ပွဲကို ကြည့်ဖို့ မစောင့်နိုင်တော့ပါဘူး။ ဒါက အရိုးသားဆုံး ပြောတာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။