ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို ယခုအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဂယ်ရီနဗီးလ် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဲဗာတန် ၂-၁ အာဆင်နယ်ပွဲစဉ်မှာ အာဆင်နယ် နောက်ခံလူ တိုမီယာဆုကို ရည်ရွယ်ချက်ရှိရှိ တက်နင်းခဲ့တဲ့ အဲဗာတန် နောက်ခံလူ ဂေါ့ဒ်ဖရေးကို အနီကတ် မပြခဲ့တဲ့ ကွင်းလယ်ဒိုင် မိုက်ဒင်းရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ် ဝေဖန်သွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ် (၁၅) အဖြစ် အဲဗာတန်အသင်းရဲ့ ဂွတ်ဒီဆင်ပါ့တ်ကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ အဆိုပါပွဲစဉ်မှာ အိမ်ရှင် အဲဗာတန်အသင်းဟာ ဧည့်သည် အာဆင်နယ်အသင်းထက် ခြေစွမ်းပိုင်း ပိုမို ကောင်းမွန်ခဲ့သလို အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့ပေမယ့် ပထမပိုင်းမှာ အဲဗာတန် နောက်ခံလူ ဂေါ့ဒ်ဖရေးရဲ့ အာဆင်နယ် ညာနောက်ခံလူ တိုမီယာဆုအပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့မှုအား ကွင်းလယ်ဒိုင် မိုက်ဒင်းနဲ့ VARအဖွဲ့ရဲ့ လျစ်လျူရှုခဲ့မှုကို ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

Photo Credit: Express

အဆိုပါ ဖြစ်ရပ်မှာ တိုမီယာဆုနဲ့ ဂေါ့ဒ်ဖရေးတို့ ဘောလုံးယှဉ်လုရင်း တိုမီယာဆုက ကွင်းဘေးစည်းကို လဲကျသွားခဲ့တာ ဖြစ်ပြီး ဂေါ့ဒ်ဖရေးက အရှိန်မထိန်းနိုင်ပဲ တိုမီယာဆုရဲ့ မျက်နှာကို တက်နင်းမိခဲ့တာလည်း ဖြစ်ပါတယ်။

ဂေါ့ဒ်ဖရေးက တိုမီယာဆုအပေါ် တက်နင်းမိခဲ့မှုကို ကနဦးမှာ မတော်တဆ ဖြစ်ရပ်လို့ ရှုမြင်ခဲ့ကြပေမယ့် အနှေးပြကွက်ကို ပြန်ကြည့်ချိန်မှာတော့ ဂေါ့ဒ်ဖရေးဟာ တိုမီယာဆုကို ရည်ရွယ်ချက်ရှိရှိ တက်နင်းခဲ့ကြောင်း သိသာစွာ မြင်နိုင်ခဲ့ပေမယ့် ကွင်းလယ်ဒိုင် မိုက်ဒင်းနဲ့ VARအဖွဲ့က ဂေါ့ဒ်ဖရေးကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှတ်ဖို့ လျစ်လျူရှုခဲ့ပါတယ်။

Photo Credit: Express

ဒါကြောင့်လည်း ပွဲပြီးသုံးသပ်ချက် အစီအစဉ်မှာ ဂယ်ရီနဗီးလ်က ဂေါ့ဒ်ဖရေးဟာ တိုမီယာဆုကို တမင်တကာ တက်နင်းခဲ့တာ ဖြစ်ကြောင်း ပြောကြားလိုက်ပြီး VARနဲ့ ကွင်းလယ်ဒိုင်အဖွဲ့က ဂေါ့ဒ်ဖရေးကို ပြစ်ဒဏ်ချမှတ်ဖို့ ပျက်ကွက်ခဲ့ကြောင်း ဝေဖန်လိုက်ပါတယ်။

ဂယ်ရီနဗီးလ်က – “ကျွန်တော်တို့ အခု ပြောနေတဲ့ အကြောင်းအရာက တကယ့်ကို လူကောင်ကြီးမားတဲ့ ကစားသမား နှစ်ယောက် ထိပ်တိုက် ရင်ဆိုင်တွေ့ခဲ့ကြတဲ့ ဖြစ်ရပ်ပါ။ ဒီဖြစ်ရပ်မှာ ဂေါ့ဒ်ဖရေးက တိုမီယာဆု အပေါ် မတော်တဆ တက်နင်းမိခဲ့တယ်လို့ ယူဆရပေမယ့် သူက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပါ။ ကျွန်တော် ကတော့ အဲ့ဒီလိုပဲ ယူဆပါတယ်။ သူက လုပ်ပြီးပြီးချင်းမှာပဲ သူ့ရဲ့အမှားကို ချက်ချင်း သိလိုက်ပြီး “ဒါက မတော်တဆပါ” လို့ တောင်းပန်ခဲ့ပုံပါပဲ။ ပရော်ဖက်ရှင်နယ် ဘောလုံးသမား တယောက်ရဲ့ အမြင်အရတော့ ဒီဖြစ်ရပ်က ၁၀၀ရာခိုင်နှုန်း တမင်တကာ တက်နင်းခဲ့တဲ့ ဖြစ်ရပ်ပါ။ VARကတော့ ဒါဟာ မတော်တဆမှု တခု ဖြစ်ပြီး ဂေါ့ဒ်ဖရေးက တမင် လုပ်ခဲ့တဲ့ပုံစံမျိုး သူတို့ မတွေ့ခဲ့ဘူးလို့ ပြောပါလိမ့်မယ်။ ဒါပေမယ့် ပရော်ဖက်ရှင်နယ် တဦးရဲ့ အမြင်မှာတော့ ဒါက ၁၀၀ရာခိုင်နှုန်း တမင်တကာ လုပ်ခဲ့တဲ့ ဖြစ်ရပ်ပါပဲ” လို့ ပြောကြားသွားခဲ့တာပါ။