ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အင်္ဂလန် လက်ရွေးစင်အသင်းတို့ရဲ့ ဂန္တဝင် နောက်ခံလူဖြစ်သူ ဂယ်ရီနဗီးလ်ကတော့ အင်္ဂလန်အသင်းနဲ့ စကော့တလန်အသင်းတို့ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲစဉ်မှာ စကော့တလန်အသင်း အတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့ကာ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သူ ဂေးလ်မားရဲ့ ခြေစွမ်းကို အထူးတလည် ချီးကျူးသွားခဲ့ပါတယ်။ အသက် ၂၀ အရွယ် ချယ်လ်ဆီးအသင်းနဲ့ စကော့တလန်အသင်းတို့ရဲ့ ကွင်းလယ်ခံစစ် ကစားသမား ဂေးလ်မားအတွက် အင်္ဂလန်အသင်းနဲ့ ပွဲစဉ်ဟာ သူ့ရဲ့ စကော့တလန် လက်ရွေးစင် ကစားသမားဘဝ ပထမဦးဆုံး ပွဲစဉ် ဖြစ်ခဲ့ပြီး အဆိုပါပွဲစဉ်မှာပဲ ဂေးလ်မားဟာ အင်္ဂလန်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို အကောင်းဆုံး ထိန်းချုပ် ကစားနိုင်ခဲ့ပါတယ်။

Photo Credit: Metro

အင်္ဂလန်အသင်းနဲ့ ပွဲစဉ်မှာ ဂေးလ်မားဟာ ၇၆မိနစ် အထိသာ ကစားခွင့် ရခဲ့ပေမယ့် သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းကို ထုတ်ပြနိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းတွေကြောင့်ပဲ စကော့တလန်အသင်းဟာ အင်္ဂလန်အသင်းဆီ ကနေ အဖိုးတန် ရမှတ်တစ်မှတ်ကို ရယူနိုင်ခဲ့တာ ဖြစ်ကာ အုပ်စုအဆင့်ကနေ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ အခွင့်အရေး ရခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဂေးလ်မားကို ချီးကျူးကြသူတွေ အများအပြား ရှိနေပြီး ဂယ်ရီနဗီးလ်ကတော့ ဂေးလ်မားဟာ အင်္ဂလန်အသင်းနဲ့ လိဒ်ယူနိုက်တက်အသင်းတို့ရဲ့ ကွင်းလယ်ခံစစ် ကစားသမား ကယ်ဗင်ဖီးလစ်ထက်တောင် ပိုမို ကောင်းမွန်တဲ့ ကစားသမား တဦး ဖြစ်ကြောင်း သူ့ရဲ့အမြင်ကို ပြောပြသွားခဲ့ပါတယ်။ ကယ်ဗင်ဖီးလစ်ဟာ ယခု ယူရို၂၀၂၀ပြိုင်ပွဲမှာ အင်္ဂလန်အသင်းရဲ့ မရှိမဖြစ် ကစားသမား တဦးအဖြစ် ခြေစွမ်းပြထားနိုင်ပြီး ခရိုအေးရှားအသင်းနဲ့ ပွဲစဉ်မှာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို မြင်တွေ့ခွင့် ရခဲ့ပါတယ်။

Photo Credit: Metro

ဒါပေမယ့် ဂယ်ရီနဗီးလ်ကတော့ ဂေးလ်မားဟာ ကယ်ဗင်ဖီးလစ်ထက် ပိုကောင်းတယ်လို့ ယုံကြည်နေပါတယ်။ ဂေးလ်မားရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သတ်ပြီး နဗီးလ်က – “သူက သူ့ရဲ့ စီနီယာ ကစားသမားဘဝ ပထမဦးဆုံး ပွဲစဉ်ကို လီဗာပူးအသင်းနဲ့ ဖလားပွဲစဉ်မှာ ကစားခဲ့ရပြီး အဲ့ဒီတုန်းက သူ့ရဲ့ စွမ်းဆောင်ရည်က အရမ်းကို ကောင်းခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးက အရမ်းကို ကောင်းပါတယ်။ ပြီးတော့ ဘောလုံးကို လက်ခံပုံကလည်း တကယ်ကို အထင်ကြီးစရာပါ။ အဲ့ဒီအဖြစ်အပျက်က အင်္ဂလန်အသင်းကို သူနဲ့ ပတ်သတ်ပြီး အလေးအနက် ထားရမယ့် အတွေ့အကြုံတခု ဖြစ်စေခဲ့ပါတယ်။ ဒီနေ့ပွဲမှာတော့ ဂေးလ်မား ၊ မက်ဂင်းနဲ့ မက်ဂရီဂေါ်တို့ ကွင်းလယ်က အင်္ဂလန် ကွင်းလယ်ထက် ပိုပြီး ကောင်းခဲ့ပါတယ်”

Photo Credit: Metro

“ပြီးတော့ တီယာနေး ၊ ဟန်လေနဲ့ တော်မီနေးတို့ကလည်း နောက်တန်းက ဘောလုံးကို ကွင်းလယ်ဆီ ရောက်အောင် ပေးပို့နိုင်ခဲ့ကြပြီး စတုန်း ၊ တိုင်ရွန်မင်းစ်နဲ့ ဒီကလန်ရိုက်စ်တို့ ကတော့ ကစားကွက် ဖော်ဖို့တောင် ခက်ခဲခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ဂေးလ်မားကို ခေါ်လို့ ရခဲ့ပေမယ့် သူတို့တွေ မခေါ်ခဲ့ပါဘူး။ လူတိုင်းက ကယ်ဗင်ဖီးလစ် ရှိနေတယ်လေလို့ ပြောကြပေမယ့် သူက ဘောလုံးကို လက်ခံတဲ့ နေရာမှာ ဂေးလ်မားလောက် မကောင်းပါဘူး။ နည်းစနစ်ပိုင်းမှာ ဂေးလ်မားက ကယ်ဗင်ဖီးလစ်ထက် ပိုကောင်းပါတယ်” လို့ ပြောကြားခဲ့တာပါ။