မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာကြကာ အသင်းမှာပဲ ကာလရှည်ကြာကစားခဲ့ပြီး ဂန္တဝင် ကစားသမားတစ်ဦး ဖြစ်တဲ့ ဂယ်ရီနဗီးလ်ကတော့ လက်ရှိအချိန်မှာ ကမ္ဘာ့နိုင်ငံ အတော်များများကို ခြိမ်းခြောက်နေတဲ့ ကိုရိုနာဗိုင်းရပ် ကုသမှုအတွက် သူတည်ထောင်ထားတဲ့ ဟိုတယ်နှစ်လုံးကို ပိတ်ထားကာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်နေတဲ့ ဝန်ထမ်းတွေကို အခမဲ့တည်းခိုခွင့် ပြုသွားမယ်လို့ သိရပါတယ်။ အင်္ဂလန်နိုင်ငံဟာ လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ် ကူးစက်မှု​တွေ ရှိနေတာကြောင့် ထိန်းချုပ်မှုတွေ ၊ ကုသမှုတွေ ပြုလုပ်နေရတဲ့ နိုင်ငံတစ်နိုင်ငံပါ။

Photo Credit: Daily Mail.com

ဟိုတယ်ကို ပိတ်သိမ်းပြီး ကျန်းမာရေးဝန်ထမ်းတွေကို အခမဲ့တည်းခိုခွင့်ပေးမယ့် ကိစ္စနဲ့ ပတ်သတ်ကာ ဂယ်ရီနဗီးလ်က အတည်ပြု ပြောကြားသွားခဲ့တာဖြစ်ပြီး သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာပေါ်ကနေ ဗီဒီယိုတစ်ခုနဲ့အတူ အတိအလင်း ရှင်းလင်းပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂယ်ရီနဗီးလ်က သူဟာ သူ့ရဲ့ ဟိုတယ်ဝန်ထမ်းတွေကိုလည်း လစာမဲ့ခွင့်ပေးမှာ မဟုတ်ပဲ လစာအပြည့်ပေးချေကာ အိမ်မှာ နားနေခိုင်းမှာဖြစ်ပြီး ဟိုတယ်မှာ လာပြီး တည်းခိုကြမယ့် ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ဝန်ဆောင်မှုတွေ ပေးသွားမှာ ဖြစ်တယ် လို့ ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာ အင်္ဂလန်ဘောလုံးပရိသတ်တွေကတော့ နဗီးလ် ရဲ့ လုပ်ဆောင်မှုနဲ့ပတ်သတ်ပြီး ချီးမွမ်းပြောဆိုနေကြပါတယ်။

Photo Credit: Daily Mail.com

သူ့ရဲ့ဟိုတယ်တွေကို ပိတ်ပြီး ကျန်းမာရေး ဝန်ထမ်းတွေကို ဝန်ဆောင်မှုပေးမယ့် အစီအစဉ် ကို နဗီးလ်က အခုလိုပဲ ထုတ်ဖော်ပြောကြားသွားခဲ့တာပါ။ နဗီးလ်က ” ကျွန်တော်တို့က လက်ရှိမှာ ဝန်ထမ်းတွေရဲ့ ဝင်ငွေတွေ မထိခိုက် စေဖို့ အစီအစဉ်တစ်ခုကို လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ကို မှီခိုနေတဲ့ မိသားစုတွေ အများကြီးရှိတာကို ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ရဲ့ ကုတင်၁၇၆လုံးကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေအတွက် သောကြာနေ့ကတည်းက အခမဲ့ အသုံးပြုခွင့်ပေးထားပါတယ်။ ဒီအချိန်ဟာ ကျွန်တော်တို့တွေအားလုံး စုပေါင်းရမယ့် အချိန်တစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေဟာ ဝန်ဆောင်မှုတွေကို အခမဲ့ရရှိမှာဖြစ်သလို အဲ့ဒီဝန်ဆောင်မှုတွေကို လုပ်ဆောင်ပေးမယ့် ဝန်ထမ်းတွေလည်း ရှိမှာပါ ” လို့ ရှင်းလင်းပြောကြားသွားပါတယ်။