ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း တဦးဖြစ်သလို ဂန္တဝင် နောက်ခံလူ တဦးလည်း ဖြစ်တဲ့ ဂယ်ရီနဗီးလ် ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေတဲ့ ချယ်လ်ဆီး ၊ ဂျူဗင်တပ်နဲ့ အင်တာမီလန်အသင်းတို့ရဲ့ နည်းပြဟောင်း ကွန်တီဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ သင့်တော်တဲ့ နည်းပြတဦး မဟုတ်ဘူးလို့ ဝေဖန်သွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ ရိုနယ်ဒို ၊ ဗာရန်း ၊ ဆန်ချိုတို့လို ကမ္ဘာ့အဆင့် ကစားသမားတွေကို ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်းကျော် အသုံးပြုကာ ခေါ်ယူထားပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားတာကြောင့် အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်လာပါတယ်။

Photo Credit: 90 Min

အထူးသဖြင့် နောက်ဆုံး ယှဉ်ပြိုင် ကစားခဲ့တဲ့ လက်စတာ ၄-၂ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ ယူနိုက်တက်ရဲ့ ကစားပုံဟာ လက်မခံနိုင်စရာ ကစားပုံမျိုး ဖြစ်ခဲ့ပြီး ကစားသမားတွေကလည်း အသင်းနည်းပြ ဆိုးလ်ရှားဆီ ကနေ သင့်တော်တဲ့ နည်းစနစ်ဆိုင်ရာ ညွှန်ကြားမှုမျိုး မရရှိခဲ့ဘူး ဆိုတဲ့ အတွင်းသတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

အဆိုပါ သတင်းတွေနဲ့ အတူ ဆိုးလ်ရှား တယောက် မကြာခင်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းကို စွန့်ခွာရတော့မယ် ဆိုတဲ့ မှန်းဆချက်တွေလည်း အများအပြား ထွက်ပေါ်နေပြီး ဆိုးလ်ရှားရဲ့ နေရာကို အစားဝင်မယ့် နည်းပြတွေ အဖြစ် အင်တာမီလန် နည်းပြဟောင်း ကွန်တီနဲ့ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းတို့က ရေပန်းစားနေကြပါတယ်။

Photo Credit: 90 Min

ဒါပေမယ့် ဆိုးလ်ရှားရဲ့ အသင်းဖော်ဟောင်း တဦး ဖြစ်ခဲ့သူ ဂယ်ရီနဗီးလ် ကတော့ ကွန်တီဟာ ထိပ်တန်း နည်းပြတဦး ဖြစ်ပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ သင့်တော်တဲ့ နည်းပြတဦး မဟုတ်ကြောင်းနဲ့ ဆိုးလ်ရှားကိုသာ ဆက်လက် အချိန်ပေး စောင့်ကြည့်ဖို့ မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့ကို တိုက်တွန်းသွားခဲ့ပါတယ်။

ဂယ်ရီနဗီးလ်က – “ ကွန်တီက မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ဖြစ်လာမှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ အဲ့လိုပဲ ထင်ပါတယ်။ ပြီးတော့ ယူနိုက်တက်ရဲ့ ဘုတ်အဖွဲ့ကလည်း ကွန်တီကို ခန့်အပ်ဖို့ မကြိုးစားလောက်ပါဘူး။ ကွန်တီက ထိပ်တန်း နည်းပြ တဦးပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ အမြင်မှာတော့ သူက ယူနိုက်တက်နဲ့ သင့်တော်တဲ့ နည်းပြတဦး မဟုတ်ပါဘူး” လို့ ဝေဖန် သုံးသပ်သွားခဲ့တာပါ။