ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ဂယ်ရီနဗီးလ် ကတော့ ယခုနှစ် ဘောလုံးရာသီရဲ့ အင်္ဂလန် ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုကို ရယူနိုင်ဖို့ အတွက် စပါးအသင်းထက် ချယ်လ်ဆီးအသင်းက ပိုမို ရေပန်းစားနေကြောင်း သုံးသပ် ပြောကြား သွားခဲ့ပါတယ်။ ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီဟာ သုံးပုံ တစ်ပုံ ကျိုးတော့မယ့် ကာလကို ရောက်ရှိနေပေမယ့် လက်ရှိ အချိန်အထိ အသင်း၇သင်းခန့်က ချန်ပီယံ ပြေးလမ်းပေါ်မှာ ရှိနေကြပြီး အဆင့်၁က စပါးအသင်းနဲ့ အဆင့်၇က မန်စီးတီးအသင်းကြားမှာ ရမှတ် ၆မှတ်သာ ကွာဟတဲ့ အနေအထားမှာ ရှိနေပါတယ်။

Photo Credit: Standard

ဒါ့ကြောင့် ယခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဘယ်အသင်းက ရရှိသွားမလဲ ဆိုတာဟာ ခန့်မှန်းရ ခက်ခဲတဲ့ အရာတစ်ခု ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ချန်ပီယံဖြစ်နိုင်တယ် လို့ ရေပန်းစားနေတဲ့ အသင်း လေးသင်း ရှိပြီး အဆိုပါ အသင်းတွေ ကတော့ စပါးအသင်း ၊ လီဗာပူးအသင်း ၊ ချယ်လ်ဆီးအသင်းနဲ့ မန်စီးတီးအသင်းတို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဒဏ်ရာ ပြဿနာတွေ များနေတဲ့ လီဗာပူးအသင်းနဲ့ ခြေစွမ်းတည်ငြိမ်မှု အားနည်းနေတဲ့ မန်စီးတီး အသင်းတို့ထက် စပါးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ဘောလုံး သုံးသပ်သူတွေရဲ့ မျက်စိကျမှုကို ခံနေရပြီး စပါးအသင်းဟာ မော်ရင်ဟိုရဲ့ နာမည်ကျော် ဒုတိယ ရာသီဆိုတဲ့ ဂုဏ်ပုဒ်အောက်မှာ ရှိနေသလို ချယ်လ်ဆီးအသင်းကလည်း တောင့်တင်းလှတဲ့ လူစာရင်းကို ပိုင်ဆိုင် ထားကြပါတယ်။

Photo Credit: Standard

ဒါပေမယ့် ဂယ်ရီနဗီးလ် ကတော့ စပါးအသင်းထက် ချယ်လ်ဆီးအသင်းကသာ ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်မယ်လို့ ထင်မြင်နေပါတယ်။ နဗီးလ်က “ချယ်လ်ဆီးအသင်းက ကျွန်တော့်ကို အတော်လေး အံ့အား သင့်စေခဲ့ပါတယ်။ သူတို့မှာ ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။ ကျွန်တော့် အထင် ချယ်လ်ဆီးအသင်းက စပါးအသင်းထက် ပိုပြီး လိဂ်ချန်ပီယံဖြစ်ဖို့ အခွင့်အရေး များနေပါတယ်။ သူတို့မှာ ကန်တီ ရှိတယ်။ သူတို့မှာ သီယာဂို ဆေးလ်ဗား ရှိတယ်။ အဲ့ဒီ ကစားသမားတေွက သူတို့ကို အောင်မြင်မှုဆီ တွန်းပို့ ပေးနိုင်ပါတယ်။ သူတို့မှာ ဆုဖလား ရယူတတ်တဲ့ အလေ့အထ တစ်ခုရှိပါတယ်။ အေဘရာမိုဗစ်က ဆုဖလားတွေ ရယူချင်သူပါ။ သူတို့မှာ ကစားသမားကောင်းတွေ ရှိသလို လိုအပ်ရင် လိုအပ်သလို ကြမ်းကြမ်းတမ်းတမ်း ဆော့တတ်တဲ့ ကစားသမားတွေလည်း ရှိပါတယ်” လို့ သုံးသပ် ပြောကြား သွားခဲ့ပါတယ်။