ယနေ့မနက်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ တန်းဆင်းဇုန်အန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့ ဝက်ဖို့ဒ်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ရှုံးပွဲကြုံတွေ့ခြင်း မရှိသေးတဲ့ လီဗာပူးလ်အသင်းကို အိမ်ကွင်းမှာ သုံးဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အံ့အားသင့်စရာ ကောင်းလောက်အောင် အနိုင်ယူပြသွားခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အငွေ့အသက်တွေကို ဖန်တီးပြခဲ့ပါတယ်။ ဝက်ဖို့ဒ်အသင်းဟာ လီဗာပူးလ် အသင်းကို တိုက်စစ်မှူး ဒီနေး ၊ တောင်ပံ ကစားသမား ဆားလ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Metro.com

ဝက်ဖို့ဒ်အသင်းရဲ့ အိမ်ကွင်းမှာ ကစားရတဲ့ အဆိုပါပွဲစဉ်မှာ လီဗာပူးလ်အသင်းဟာ သူတို့ရဲ့ ပုံမှန်ခြေစွမ်းအောက်ကို ရောက်နေခဲ့ပြီး ဝက်ဖို့ဒ် အသင်းရဲ့ တန်းမဆင်းရရေး ရည်ရွယ်ချက်နဲ့ ဖောင်ဖျက်ကစားမှုအောက်မှာ ရုန်းကန်သွားခဲ့ရပါတယ်။ ဝက်ဖို့ဒ်အသင်းကတော့ အိမ်ကွင်းမှာ ခြေစွမ်းမာကျောလေ့ရှိတဲ့ အတိုင်းပဲ လီဗာပူးလ် အသင်းကို ဖိအားပေးကစားသွားနိုင်ခဲ့ပြီး ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ အနိုင်ယူပြသွားခဲ့ပါတယ်။ ဝက်ဖို့ဒ်အသင်းအတ​ွက် သွင်းဂိုးတွေကိုတော့ ပွဲကစားချိန် ၅၄မိနစ်နဲ့ ၆၀မိနစ်မှာ ဆားလ်က သွင်းယူပေးခဲ့တာဖြစ်ပြီး ပွဲသိမ်းဂိုးကိုတော့ ပွဲချိန် မိနစ်၇၀မှာ တိုက်စစ်မှူး ဒီနေးက သွင်းယူပေးခဲ့တာပါ။

Photo Credit: Metro.com

ဝက်ဖို့ဒ်အသင်းကို အရှက်တကွဲရှုံးနိမ့်အပြီးမှာတော့ လီဗာပူးလ်အသင်းဟာ ရှုံးပွဲမရှိဆိုတဲ့ စံချိန် ကျိုးပျက်ခဲ့သလို ပြိုင်ဘက်အသင်းတွေရဲ့ လှောင်ပြောင်မှုတွေနဲ့ပါ ရင်ဆိုင်ခဲ့ရပါတယ်။ လီဗာပူးလ်အသင်းရဲ့ မဟာပြိုင်ဘက်ဖြစ်တဲ့ မန်ယူအသင်းရဲ့ ဂန္တဝင်ကစားသမားကြီး ဂယ်ရီနဗီးလ်ကတော့ လီဗာပူးလ်အသင်းရဲ့ ရှုံးပွဲအပေါ် အောင်ပွဲခံမှုတွေပြုလုပ်ခဲ့ပြီး သူဟာ ရှန်ပိန်တစ်လုံးကို ဖောက်တဲ့ ဗီဒီယိုဖိုင်ကို သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့ကာ အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နဗီးလ်ရဲ့ အဆိုပါ ဗီဒီယိုဖိုင်ကို မျှဝေသူတေ​ွ များပြားနေပြီး လီဗာပူးလ်အသင်းရဲ့ ပရိသတ်တွေကတော့ နဗီးလ်ကို အပိုတွေလုပ်ပြသူလို့ ဝေဖန်နေကြပါတယ်။