နာမည်ကျော် ပရီးမီးယားလိဂ် ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် နောက်ခံလူ ဂယ်ရီနဗီးလ်နဲ့ လီဗာပူး ဂန္တဝင် နောက်ခံလူ ကာရေဂါတို့ဟာ ယခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘယ်အသင်းက ချန်ပီယံ ဖြစ်မလဲ ဆိုတာကို ခန့်မှန်း သုံးသပ်ခဲ့ကြပါတယ်။

ယခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးအသင်းကို ခြိမ်းခြောက်နိုင်စွမ်း ရှိတဲ့ အသင်းကြီး သုံးသင်းအထိ ရှိပြီး အဆိုပါအသင်းတွေဟာ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီးနဲ့ လီဗာပူးအသင်းတို့ပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

အဆိုပါအသင်း သုံးသင်းအနက် မန်ချက်စတာ ယူနိုက်တက်အသင်းကလွဲရင် ကျန်နှစ်သင်းစလုံးဟာ ဆုဖလားတွေ ဘယ်လိုရယူရမလဲ ဆိုတာကို ကောင်းကောင်းကြီး သိကြတဲ့ နည်းပြနှစ်ဦးကို ပိုင်ဆိုင်ထားကြပြီး လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးအသင်းဟာ မန်ချက်စတာ စီးတီးအသင်းရဲ့ အကြီးမားဆုံးပြိုင်ဘက် ဖြစ်လာလိမ့်မယ်လို့ တွက်ဆမှုတွေ ရှိနေပါတယ်။

ပရီးမီးယားလိဂ် နောက်ခံလူဟောင်းတွေ ဖြစ်ကြတဲ့ နဗီးလ်နဲ့ ကာရေဂါတို့ကလည်း အဆိုပါအချက်တွေကို သဘောတူခဲ့ကြပြီး မန်ချက်စတာ စီးတီး ၊ ချယ်လ်ဆီး ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ လေးသင်းစလုံးဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ သေချာကြောင်း သုံးသပ်ခဲ့ကြပေမယ့် မန်ချက်စတာ စီးတီးကသာ ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် ဆက်လက် အောင်ပွဲခံနိုင်လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

Photo Credit: Sky Sports

ရာသီသစ်မှာလည်း မန်စီးတီးအသင်းကသာ ချန်ပီယံ ဖြစ်နိုင်ကြောင်းကို ကာရေဂါက – “မန်စီးတီးက မန်စီးတီး ဖြစ်နေဆဲပါ။ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ ၄နှစ် အတွင်းမှာ မန်စီးတီးအသင်းရဲ့ ချန်ပီယံဖြစ်မှုကို တားဆီးနိုင်တဲ့ တသင်းထဲသော အသင်းပါ။ ဒါပေမယ့် နောက်ထပ်တကြိမ် အဲ့ဒီလို လုပ်ပြနိုင်ဖို့ ဆိုတာ အလုပ် အရမ်း ကြိုးစားဖို့ လိုပါတယ်။ တကယ်လို့ ကိန်းသာ မန်စီးတီးဆီ ရောက်သွားရင် သူတို့ကို တားဆီးဖို့က အတော်လေး ခက်ခဲဖို့ ရှိပါတယ်။ တကယ်လို့ မရောက်ဖြစ်ဘူး ဆိုရင်တော့ ပြိုင်ပွဲက ပိုပြီး ကြည့်ကောင်းမှာပါ။ ကျွန်တော် ကတော့ ချယ်လ်ဆီးနဲ့ လီဗာပူးက မန်စီးတီးကို ကောင်းကောင်းကြီး စိန်ခေါ်နိုင်မယ်လို့ ယူဆပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်ကလည်း ကာရေဂါရဲ့ အဆိုကို ထောက်ခံခဲ့ပါတယ်။ နဗီးလ်က – “ဒီအချိန်မှာတော့ လွန်ခဲ့တဲ့နှစ်တွေက လုပ်ပြခဲ့တာတွေကို ကြည့်ပြီး မန်စီးတီးကသာ ချန်ပီယံ ဖြစ်သွားမယ်လို့ တွက်ဆရမှာပါပဲ။ ချယ်လ်ဆီးအသင်းက တိုးတက်ဖို့ လိုသေးတယ်။ မန်ယူအသင်းကလည်း ချန်ပီယံဖြစ်နိုင်တဲ့ အသင်းတသင်း ဆိုတာ သက်သေပြဖို့ လိုတယ်။ ဒီအတိုင်းပဲ လီဗာပူးကလည်း သူတို့ဟာ အရင်လို အနေအထားမျိုး ပြန်ရောက်နေပြီ ဆိုတာကို သက်သေပြရပါဦးမယ်” လို့ သုံးသပ်သွားခဲ့တာပါ။