ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဂယ်ရီနဗီးလ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နယူးကာဆယ် ၁-၁ မန်ချက်စတာ ယူနိုက်တက်ပွဲစဉ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမား နှစ်ဦး ဖြစ်သူ ရိုနယ်ဒိုနဲ့ ဖာနန်ဒက်တို့ကို ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အဆင့်၂နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာတော့ အတော်လေးကို စွမ်းဆောင်ရည် ကျဆင်းနေပြီး အမှတ်ပေးဇယား အဆင့် ၁၉က နယူးကာဆယ်အသင်းကို အဝေးကွင်းမှာ သရေရလဒ်သာ ထွက်ပေါ်အောင် ကစားနိုင်ခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့်၇နေရာ အထိ ရောက်ရှိခဲ့ပါတယ်။

Photo Credit: Metro

နယူးကာဆယ်အသင်းနဲ့ ၁ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ ရာသီကုန်မှာ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိနိုင်ဖို့ အတွက် မဖြစ်မနေ အနိုင်ယူသင့်တဲ့ ပွဲစဉ်တပွဲ ဖြစ်ခဲ့ပေမယ့် အဆိုပါပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမား အများစုဟာ ပုံမှန် ခြေစွမ်းအောက် ရောက်ရှိနေခဲ့ပါတယ်။

အထူးသဖြင့် ပေါ်တူဂီ လက်ရွေးစင် အသင်းဖော်တွေ ဖြစ်တဲ့ ရိုနယ်ဒိုနဲ့ ဖာနန်ဒက်တို့ ဦးဆောင်တဲ့ တိုက်စစ်ပိုင်းဟာ နယူးကာဆယ်နဲ့ပွဲမှာ အတော်လေးကို စွမ်းဆောင်ရည် နိမ့်ပါးခဲ့ပြီး လူစားဝင် တိုက်စစ်မှူး ကာဗာနီ ဝင်ရောက်လာမှသာ မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းက ပြန်လည် တိုးတက်လာခဲ့ကာ လိုအပ်နေတဲ့ ချေပဂိုးကိုလည်း သွင်းယူနိုင်ခဲ့တာပါ။

ဒါကြောင့်ပဲ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ဂယ်ရီနဗီးလ်က ရိုနယ်ဒိုနဲ့ ဖာနန်ဒက်တို့ ခြေစွမ်းမပြနိုင်မှု အပေါ် ခပ်ပြင်းပြင်း ဝေဖန်သွားခဲ့ပြီး သူတို့နှစ်ဦးဟာ လူငယ် ကစားသမားတွေကို မကူညီပဲ အလိုမကျတဲ့ အခါတိုင်း ငြီးငြူနေကြတယ်လို့လည်း ဆိုသွားခဲ့ပါတယ်။

Photo Credit: Metro

ဂယ်ရီနဗီးလ်က – “ကျွန်တော် ဒီရာသီအစ အဲဗာတန်အသင်းနဲ့ ပွဲစဉ်အပြီးမှာ ရိုနယ်ဒို တယောက် ပွဲပြီးတာနဲ့ ဥမင်လှိုဏ်ခေါင်းထဲ ပြေးဝင်သွားတဲ့ ဖြစ်ရပ်ကို သတိရမိပါတယ်။ အဲ့တုန်းကတော့ ကျွန်တော်က ရိုနယ်ဒိုဟာ ဆိုးလ်ရှားကို ဖိအားပေးတာပဲလို့ တွေးခဲ့ပါတယ်။ ဒီနေ့မှာ သူက နောက်ထပ် တကြိမ် ဒီလိုပုံစံ ထပ်လုပ်ပြန်ပါပြီ။ သူက ဆိုးလ်ရှား ထုတ်ပယ်ခံခဲ့ရတဲ့ ဝက်ဖို့ဒ်နဲ့ ပွဲစဉ်အပြီးမှာလည်း ဒီလိုပဲ လုပ်ခဲ့တယ်။ နောဝှစ်ချ်နဲ့ပွဲမှာလည်း လုပ်ခဲ့တယ်။ ဒါက ကောင်းတဲ့ အရာတခု မဟုတ်ပါဘူး။ ပြီးတော့ ဘရူနိုကလည်း တချိန်လုံးကို ငြီးငြူနေတာပါ။ သူတို့နှစ်ယောက်က ဒီအသင်းရဲ့ အကောင်းဆုံး ကစားသမားတွေပါ။ ခင်ဗျားသာ လူငယ် ကစားသမား ဆိုရင် အသင်းရဲ့ အကောင်းဆုံး ကစားသမား နှစ်ယောက်က ခင်ဗျားရဲ့ ကစားပုံ မကောင်းတဲ့ အခါတိုင်း ငြီးငြူနေတဲ့ အခါ ဘယ်လိုခံစားရမလဲ။ စီနီယာ ကစားသမား တယောက် ဖြစ်နေပြီ ဆိုရင် လူငယ်တွေကို ကူညီဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်က ကာဗာနီကို သဘောကျတယ်။ သူက လူငယ် ကစားသမားတွေကို ကူညီဖို့ အမြဲတမ်း အဆင်သင့် ဖြစ်နေတဲ့သူပါ။ ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ရလဒ်တွေ ကောင်းချင်ရင် ကာဗာနီကို လိုအပ်မယ်လို့လည်း ထင်ပါတယ်” လို့ ဝေဖန်သွားခဲ့တာပါ။