MySport Myanmar

ပိုချက်က ချယ်လ်ဆီးရဲ့ ရုန်းကန်နေရမှုတွေကို အဆုံးသတ်စေလိမ့်မယ်လို့ နဗီးလ် ယုံကြည်

လာမယ့် ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ် ဖြစ်လာဖွယ် ရှိနေတဲ့ ပိုချက်တီနိုဟာ လက်ရှိ ချယ်လ်ဆီးအသင်း ကြုံတွေ့နေရတဲ့ ရုန်းကန်မှုတွေ ကျရှုံးမှုတွေကို အဆုံးသတ်ပေးနိုင်လိမ့်မယ်လို့ Sky Sports ရုပ်သံကြီးရဲ့ pundit တစ်ဦးဖြစ်သူ ဘောလုံးသမားဟောင်း ဂယ်ရီနဗီးလ်က မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ပီအက်စ်ဂျီ စပါးအသင်းတို့ရဲ့ နည်းပြဟောင်း ပိုချက်တီနိုဟာ လာမယ့် ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ဖို့ အလွန် ရေပန်းစားနေပြီး အသင်းနည်းပြ ဖြစ်လာဖို့ နှုတ်အားနဲ့ သဘောတူညီပါ ရရှိထားတယ်လို့ပါ သတင်းထွက်ပေါ်နေပါတယ်။ တကယ်လို့ ဒီလို သတင်းထွက်နေတဲ့အတိုင်း ချယ်လ်ဆီး နဲ့ ပိုချက်တီနိုတို့ လက်တွဲဖြစ်မယ်ဆိုရင်တော့ ပိုချက်က ချယ်လ်ဆီးအသင်းမှာ အံ့ဝင်ခွင်ကျ ဖြစ်လာနိုင်ပြီး လက်ရှိ ချယ်လ်ဆီးရဲ့ ကစားသမား အစုအဖွဲ့နဲ့ ပိုချက်တီနိုရဲ့ စီမံခန့်ခွဲမှု ပုံစံဟာလည်း ကိုက်ညီနိုင်တယ်လို့ နဗီးလ်က သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

“ပိုချက်တီနိုက တကယ့်ကို အရည်အချင်းရှိတဲ့ နည်းပြတစ်ဦးလို့ ကျွန်တော် ထင်ပါတယ်။ နောက်နှစ် ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းက ကျွန်တော်တိုကို အံ့အားသင့်စေလိမ့်မယ်လို့လည်း ကျွန်တော် ထင်မိတယ်။ ဘာကြောင့်လဲဆိုတော့ ပိုချက်တီနိုက ချယ်လ်ဆီးအသင်းကို စုစည်းပေးနိုင်မှာမို့လို့ပါပဲ။ သူက နှစ်သက်ဖွယ်ရာကောင်းပြီး ကစားသမားတွေကလည်း သူ့ကို အရမ်း လေးစားကြပါလိမ့်မယ်။ နောက်ရာသီမှာ သူက အရမ်းကောင်းတဲ့ အလုပ်မျိုးကို လုပ်ဆောင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။”

Photo Credit : Daily Mail

“နောက်ကွယ်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ အများကြီးကို သူ ဖုံးအုပ်ပေးနိုင်လိမ့်မယ်။ ဒါက ကျွန်တော်ရဲ့ ခန့်မှန်းချက်ပါပဲ။ ချယ်လ်ဆီးရဲ့ လက်ရှိ ကစားသမား အစုအဖွဲ့က ပိုချက်တီနိုအတွက် ပြီးပြည့်စုံနေပါမယ်။ ဒီကစားသမားတွေက ငယ်ရွယ်ပြီး အရည်အချင်း ရှိသူတွေ ဖြစ်နေပြီးတော့ လမ်းညွှန်မှုကောင်းသာ လိုအပ်နေတာ ဖြစ်ပါတယ်။” လို့ ဂယ်ရီနဗီးလ်က သုံးသပ်သွားခဲ့ပါတယ်။ လက်ရှိမှာလည်း ပိုချက်တီနိုက ချယ်လ်ဆီးနည်းပြသစ် ဖြစ်လာဖို့ တစ်ပြေးနေပြီး လန်ဒန်ကို တစ်ကျော့ပြန် ရောက်ရှိလာဖို့ သေချာသလောက်ကို ဖြစ်နေပါတယ်။

Exit mobile version