MySport Myanmar

အာဆင်နယ်အတွက် ကြီးမားတဲ့ ယုံကြည်မှုကြီး ရရှိသွားလိမ့်မယ်လို့ ဂယ်ရီနဗီးလ် ဆို

မနေ့က တနင်္ဂနွေနေ့မှာ နယူးကာဆယ်အသင်းကို နောက်ဆုံးမိနစ်အနိုင်ဂိုးနဲ့ အံ့မခန်းအနိုင်ရရှိခဲ့ပြီးနောက် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်တယ်ဆိုတဲ့ ကြီးမားတဲ့ ယုံကြည်မှုကို ရရှိသွားလိမ့်မှာဖြစ်ကြောင်း Sky Sports ရဲ့ ဘောလုံးသုံးသပ်သူ ဂယ်ရီ နဗီးလ်က ပြောကြားလိုက်ပါတယ်။

စိန့်ဂျိမ်းစ်ပါ့ခ်မှာ ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ နယူးကာဆယ်အတွက် နစ်ခ် ဗေါလ်တီမာဒါက ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် အာဆင်နယ်က မီခေးလ် မယ်ရီနိုရဲ့ ချေပဂိုးနဲ့အတူ ပွဲကို သရေအခြေအနေကို ပြန်ရောက်စေခဲ့ပါတယ်။ ဒါ့အပြင် ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာတော့ နောက်ခံလူ ဂါဘရီရယ်က အဖိုးတန်အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Newcastle United News

စနေနေ့က လီဗာပူးလ်အသင်း ခရစ္စတယ် ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့တဲ့ ရလဒ်ကို အကောင်းဆုံးအခွင့်အရေးအဖြစ် အသုံးချနိုင်ခဲ့တဲ့ အာဆင်နယ်ဟာ လက်ရှိချန်ပီယံ လီဗာပူးလ်နဲ့ (၂)မှတ်အကွာကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က မန်စီးတီးနဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်ရဲ့ “ဘရိတ်အုပ်ထားသလို” ကစားပုံကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ နဗီးလ်ဟာ ဒီတစ်ပတ်မှာတော့ အနိုင်ရလဒ်အတွက် အရာအားလုံးကို ပုံအောပြီး တိုက်ပွဲဝင်ခဲ့တဲ့ အာဆင်နယ်ကို အခုလို ချီးကျူးခဲ့ပါတယ်။

“လွန်ခဲ့တဲ့တစ်ပတ်က အခြေအနေက အားရစရာမရှိခဲ့ပေမယ့် အခုတော့ အကောင်းမြင်စရာတွေ အများကြီးဖြစ်လာပါပြီ။ လီဗာပူးလ်ရှုံးတယ်၊ အာဆင်နယ်က အံ့မခန်းနိုင်ပွဲရခဲ့တယ်။ သူတို့ ဒီနိုင်ပွဲနဲ့ ထိုက်တန်ပါတယ်။ သူတို့က ပိုကောင်းတဲ့ ဘောလုံးအသင်းဖြစ်ခဲ့တယ်။ အာတေတာက လူစားလဲတာတွေ အရမ်းကောင်းခဲ့တယ်။ ဒီနိုင်ပွဲက သူတို့ကို ကြီးမားတဲ့ ယုံကြည်မှုတွေ ပေးပါလိမ့်မယ်။ အိမ်မှာထိုင်ကြည့်နေတဲ့ လီဗာပူးလ်ကစားသမားတွေကတော့ နည်းနည်းတော့ စိတ်ဓာတ်ကျသွားနိုင်ပါတယ်။” လို့ နဗီးလ်က ဆိုပါတယ်။

Photo Credit : Caught Offside

သုံးနှစ်ဆက်တိုက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတဲ့ အာဆင်နယ်အသင်းအတွက် ဒီနိုင်ပွဲက အလွန်အရေးပါခဲ့ပြီး ဂါဘရီရယ်ဂိုးသွင်းချိန်မှာ ကစားသမားတွေရော အဝေးကွင်းလိုက်ပါအားပေးတဲ့ ပရိသတ်တွေပါ အရမ်းကို ပျော်ရွှင်အောင်ပွဲခံခဲ့ကြပါတယ်။

“ကွင်းထဲမှာရော ပရိသတ်တွေကြားမှာပါ ပွဲကျသွားခဲ့တယ်။ စက်တင်ဘာလပဲ ရှိသေးပေမယ့် ဒီနိုင်ပွဲက ကြီးမားတဲ့ အဓိပ္ပာယ်ရှိတယ်လို့ ခံစားရတယ်။ လွန်ခဲ့တဲ့တစ်ပတ်က ‘ဘရိတ်အုပ်’ ထားခဲ့တဲ့ အာတေတာဟာ အခုတော့ အရာအားလုံးကို ပုံအောပြီး အောင်မြင်မှုရယူသွားခဲ့ပါပြီ” လို့ နဗီးလ်က သုံးသပ်သွားခဲ့ပါတယ်။

Exit mobile version