ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန် လက်ရွေးစင်အသင်းတို့ရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဂယ်ရီနဗီးလ်ကတော့ ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ အာဆင်နယ်ဟာ မန်ချက်စတာ စီးတီးရဲ့ ချန်ပီယံလုဘက် ဖြစ်နေပြီလို့ အာဆင်နယ် ၃-၂ လီဗာပူးပွဲစဉ် အပြီးမှာ ချီးကျူးသွားခဲ့ပါတယ်။

အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၀) အဖြစ် အိမ်ကွင်းမှာ မန်ချက်စတာ စီးတီးရဲ့ အဓိကပြိုင်ဘက်လို့ သတ်မှတ်ခံထားရတဲ့ လီဗာပူးကို ဧည့်ခံ ကစားခဲ့ရာမှာ ခြေစွမ်းပိုင်းအရ အသာစီး ရခဲ့သလို မာတီနယ်လီ ၊ ဆာကာ စတဲ့ လူငယ်ကြယ်ပွင့်တွေရဲ့ သွင်းဂိုးတွေနဲ့အတူ ၃-၂ ဆိုတဲ့ ရလဒ်နဲ့ ပွတ်ကာသီကာ အနိုင်ရရှိသွားပါတယ်။

Photo Credit: Flip Board

အဆိုပါပွဲစဉ်မှာ အာဆင်နယ်က လီဗာပူးထက် အသင်းလိုက် ကစားဟန် ၊ အပေးအယူ အချိတ်အဆက် ပိုမို ကောင်းမွန်ခဲ့သလို ရတဲ့ အခွင့်အရေးတွေကိုလည်း အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့တာကြောင့် အခုလိုမျိုး နိုင်ပွဲ ရခဲ့တာ ဖြစ်ပြီး လီဗာပူးကတော့ အရင်ရာသီတွေနဲ့ မတူပဲ အတော်လေး ခြေစွမ်းကျနေတာကြောင့်ပဲ အာဆင်နယ်ကို ယှဉ်နိုင်စွမ်း နည်းပါးခဲ့ပါတယ်။

ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဂယ်ရီနဗီးလ်ကတော့ အာဆင်နယ်နဲ့ လီဗာပူးပွဲကို ကြည့်ပြီးနောက် အာဆင်နယ်ရဲ့ ခြေစွမ်းပိုင်းကို အတော်လေး သဘောကျနေခဲ့ပြီး အာဆင်နယ်ရဲ့ ကစားသမားတွေဟာ တသင်းလုံး တက်ညီလက်ညီ ကြိုးစားတတ်တာကြောင့် မန်ချက်စတာ စီးတီးကို ယှဉ်နိုင်စွမ်း ရှိလိမ့်မယ်လို့ နဗီးလ်က ဆိုပါတယ်။

Photo Credit: Flip Board

နဗီးလ်က – “ဒီနေ့က အာဆင်နယ် အတွက် တကယ်ကို ထူးကဲတဲ့ နေ့ရက်ပါ။ သူတို့က ဒီနေ့မှာ ကြီးမားတဲ့ စမ်းသပ်မှုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒါပေမယ့် သူတို့က ဒီစမ်းသပ်မှုကို အကောင်းဆုံး ကျော်ဖြတ်ပြခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကြည့်လိုက်ရင် အာဆင်နယ်က လီဗာပူးထက် ကစားပုံပိုင်း အသာစီး ရခဲ့သလို လုံးဝကို ခြေစွမ်းသာခဲ့တာပါ။ အာတီတာက အခုချိန်မှာ စိတ်အေးလက်အေး ဖြစ်သွားပြီလို့ ထင်ပါတယ်။ ကျွန်တော်က ပြီးခဲ့တဲ့ ဘောလုံးရာသီ အကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ကပ်သီးလေး လွဲခဲ့တာကြောင့် အာဆင်နယ်ရဲ့ စိတ်ဓာတ်ပိုင်းကို နည်းနည်းလေး စိုးရိမ်မိခဲ့ပါတယ်။ ဒါပေမယ့် နွေဈေးကွက်ထဲမှာ အရမ်းကောင်းတဲ့ ခေါ်ယူမှုတွေကို လုပ်နိုင်ခဲ့တဲ့နောက် အာဆင်နယ်ရဲ့ ခြေစွမ်းပိုင်းက ပိုလို့တောင် တိုးတက်လာပါတယ်။ အခုချိန်မှာ အာဆင်နယ်က မန်ချက်စတာ စီးတီးကို ထိပ်တိုက် ရင်ဆိုင်နိုင်စွမ်း ရှိနေပါပြီ။ သူတို့က မန်ချက်စတာ စီးတီးရဲ့ ချန်ပီယံလုဘက်လို့တောင် ပြောလို့ ရပါတယ်။ ဒါကိုကပဲ အာဆင်နယ် အတွက် ကြီးမားတဲ့ အောင်မြင်မှု တခုပါ” လို့ ချီးကျူးသွားခဲ့တာပါ။