ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်းတွေထဲက တသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ ဝုဗ်ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ရူဘင်နီဗက် ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ သူတို့ကို အနိုင်ရခဲ့ပြီးနောက် အပြင်းအထန် အောင်ပွဲခံခဲ့တဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ရဲ့ အသင်းကြီးတသင်း မဟုတ်တော့ဘူးလို့ ပွဲအပြီးမှာပဲ လှောင်ပြောင်သွားခဲ့ပါတယ်။

ဝုဗ်နဲ့ အာဆင်နယ်တို့ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ အဖြစ် ဝုဗ်ရဲ့အိမ်ကွင်း မိုလီနက်စ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက များစွာ ကွာခြားလှခြင်း မရှိပေမယ့် အာဆင်နယ်က အဓိက နောက်ခံလူ ဂါဘရီရယ်ရဲ့ တလုံးထဲသော သွင်းဂိုးနဲ့အတူ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ အဖိုးတန် ရမှတ် ၃မှတ်ကို စုဆောင်းနိုင်ခဲ့ပါတယ်။

Photo Credit: Football London

ဝုဗ်နဲ့ အာဆင်နယ်တို့ဟာ ယခုနှစ် ဘောလုံးရာသီမှာ ဥရောပဝင်ခွင့် တနေရာစာကို အရယူဖို့ ပစ်မှတ်ထား ကြိုးစားနေကြတဲ့ အသင်းတွေ ဖြစ်တာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်က အတော်လေးကို ကြည့်ကောင်းခဲ့ပြီး အိမ်ရှင် ဝုဗ်ဘက်က ဂိုးသွင်းခွင့်တွေ ပိုမို ရခဲ့ပေမယ့် အာဆင်နယ်ရဲ့ မာကျောတဲ့ ခံစစ်ကြောင်းနဲ့ ဂိုးသမား ရစ်စဒယ်တို့ကို မကျော်နိုင်ခဲ့တာကြောင့် အရှုံးရလဒ်နဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။

အဆိုပါပွဲစဉ်မှာ အာဆင်နယ်ဟာ ပွဲကစားချိန် ၆၉မိနစ်မှ စတင်ကာ တယောက်လျော့ အနေအထားနဲ့ ယှဉ်ပြိုင် ကစားခဲ့ရတာကြောင့် ၀-၁ ဆိုတဲ့ ရလဒ်နဲ့ ပွဲပြီးဆုံးသွားချိန်မှာတော့ အာဆင်နယ် ကစားသမားတွေက တဦးနဲ့ တဦး ပွေ့ဖက်ကာ အောင်ပွဲခံခဲ့ကြပြီး ဝုဗ်ကွင်းလယ်လူ ရူဘင်နီဗက် ကတော့ အာဆင်နယ် ကစားသမားတွေရဲ့ အောင်ပွဲခံနေပုံက ဖလားရသွားလို့ အောင်ပွဲခံနေပုံတွေနဲ့ တူနေကြောင်း ၊ အာဆင်နယ်က ယခင်ကလို ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း တသင်း မဟုတ်တော့ကြောင်း ပွဲအပြီးမှာပဲ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Football London

ရူဘင်နီဗက်က – “ကျွန်တော်တို့တွေကို အနိုင်ရသွားလို့ သူတို့ အောင်ပွဲခံနေတဲ့ပုံစံတွေက သူတို့အသင်းရဲ့ အဆင့်အတန်းကို ပြသနေတာပါပဲ။ သူတို့က ဖလားရသွားတဲ့ အတိုင်း အောင်ပွဲခံခဲ့ကြတာပါ။ ကျွန်တော်က အာဆင်နယ်အနေနဲ့ လွန်ခဲ့တဲ့ ၁၀နှစ် အတွင်းမှာ အခုလိုမျိုး လိဂ်ပွဲတပွဲကို နိုင်ရုံနဲ့ ဖလားရသလို အောင်ပွဲခံတဲ့ ပုံစံမျိုးကို မမြင်ဖူးခဲ့ပါဘူး။ ဒီဖြစ်ရပ်က သူတို့အသင်းရဲ့ အဆင့်အတန်းက ဘယ်လောက်ပဲ ရှိတော့သလဲ ဆိုတာကို ပြသနေပါတယ် (အဆင့်အတန်း နိမ့်ကျသွားတာကို ရည်ရွယ်လျက်)” လို့ လှောင်ပြောင်ခဲ့တာပါ။