ဝုလ်ဗ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ကွင်းလယ်လူ ရူဘင်နေးဗက်စ်က စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေခြင်းအပေါ် သူ့အနေနဲ့ စိတ်ကျေနပ်မိတယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

Image

Photo Credit : Twitter

အသက်(၂၅)နှစ်အရွယ်ရှိ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ခံစစ်ကစားသမား နေးဗက်စ်ဟာ ပေါ်တူဂီ ထိပ်သီးကလပ် ပေါ်တိုအသင်းရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၃ခုနှစ်မှာပဲ ပေါ်တိုကနေ ဝုလ်ဗ်အသင်းဆီ အဲ့ဒီအချိန်က အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်(၁၅.၈)သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။ လက်ရှိမှာ ဝုလ်ဗ်အသင်းအတွက် ဘောလုံးရာသီ (၆)ရာသီမြောက်အဖြစ် ပါဝင်ကစားနေတဲ့ နေးဗက်စ်ဟာ သူရဲ့ ဘောလုံးအရည်အသွေးကောင်းတွေကြောင့် ပရီးမီးယားလိဂ်က ထိပ်သီးအသင်းတွေဖြစ်တဲ့ အာဆင်နယ် မန်ချက်စတာယူနိုက်တက်တို့အပြင် လာလီဂါ ကလပ်အသင်းကြီးတွေဖြစ်တဲ့ ဘာစီလိုနာကပါ နေးဗက်စ်ကို စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : TEAMtalk

ဒီနှစ် နွေဈေးကွက်ထဲမှာ ယူနိုက်တက် အာဆင်နယ်တို့နဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး လတ်တလောမှာလည်း ဘာစီလိုနာအသင်းနဲ့ ကောလဟာလတွေ ပေါ်ထွက်လို့နေတဲ့ နေးဗက်စ်က ကစားသမားတိုင်းရဲ့ စိတ်ကူးအိမ်မက်လို့ သတ်မှတ်လို့ရနိုင်မယ့် ဘာစီလိုနာအသင်းနဲ့ သတင်းထွက်နေတဲ့အပေါ် “ယေဘုကျအားဖြင့် မေးမယ်ဆိုရင်တော့ ကစားသမားအားလုံးနီးပါးက ဘာစီလိုနာအသင်းအတွက် ကစားပေးချင်ကြပါတယ်။ သူတို့က ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းထဲက တစ်ခုပါ။ ဒီအသင်းနဲ့ ချိတ်ဆက်ခွင့်ရတာကလည်း ကျွန်တော့်အတွက်တော့ အခွင့်ထူးပါပဲ။ ဘယ်သူက ဘာစီလိုနာအတွက် မကစားချင်တာမျိုး ရှိမလဲ။ ဒါက ပုံမှန်ပါပဲ” လို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။ ဝုလ်ဗ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၂၂၃)ပွဲ ပါဝင်ကစားထားပြီး စုစုပေါင်း သွင်းဂိုး (၂၃)ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ နေးဗက်စ်ဟာ ဝုလ်ဗ်အသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေတာဖြစ်ပေမယ့် လာမယ့် ၂၀၂၃ခုနှစ် နွေဈေးကွက်မှာပဲ ဝုလ်ဗ်ကနေ ကလပ်အသင်းကြီး တစ်သင်းသင်းဆီ ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။