ယခု နွေဈေးကွက် အတွင်းမှာ ပရီးမီးယားလိဂ်ကလပ် ဝုလ်ဗ်ကနေ ဆော်ဒီ စူပါလိဂ်ရဲ့ ထိပ်သီးကလပ် အယ် ဟီလယ်ဆီ ပြောင်းရွှေ့ခဲ့တဲ့ ပေါ်တူဂီ ကွင်းလယ်ကြယ်ပွင့် ရူဘင် နီဗက်က သူဟာ မိသားစုကို ချမ်းချမ်းသာသာ ထားချင်တာကြောင့် ဝေဖန်မှုတွေကို ဂရုမစိုက်ပဲ ဆော်ဒီမြေဆီ ပြောင်းလာခဲ့တာ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ နီဗက်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦး ဖြစ်ပြီး နီဗက်ဟာ သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့် ဥရောပ ထိပ်သီးအသင်းတွေရဲ့ စိတ်ဝင်စားမှုတွေကို ရရှိထားပေမယ့် ဆော်ဒီ နာမည်ကြီးကလပ် အယ် ဟီလယ်ဆီ အံ့အားသင့်ဖွယ် ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit: Sports Brief

ရူဘင် နီဗက်က စပိန်ထိပ်သီးကလပ် ဘာစီလိုနာဆီ ပြောင်းရွှေ့ ကစားဖို့ သဘောတူထားချိန်မှာ ဘာစီလိုနာနဲ့ သဘောတူညီချက်ကို ဖျက်သိမ်းကာ ဆော်ဒီ ထိပ်သီးကလပ် အယ် ဟီလယ်ဆီ ပြောင်းရွှေ့ခဲ့ပြီး သူ့ရဲ့ ဆုံးဖြတ်ချက် အတွက် ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ အများစုက ကစားသမားဘဝ အကောင်းဆုံးအရွယ် ၊ အကောင်းဆုံးခြေစွမ်းတွေကို ပိုင်ဆိုင်ထားပေမယ့် ရုတ်တရတ်ကြီး အယ် ဟီလယ်ဆီ ပြောင်းရွှေ့သွားတဲ့ ရူဘင် နီဗက်ကို “ပိုက်ဆံမက်တဲ့ကောင်” လို့ ပြောကာ ဝေဖန်နေကြပြီး နီဗက်ကတော့ သူ့ရဲ့ မိသားစုကို သူ့ရဲ့ စိတ်ကူးထဲကအတိုင်း ချမ်းချမ်းသာသာ ထားနိုင်မယ့် အခွင့်အရေးကောင်းကို လက်မလွှတ်ချင်တာကြောင့် အယ် ဟီလယ်ဆီ ပြောင်းခဲ့တာပါလို့ ပြောကြားရင်း ဝေဖန်မှုတွေကို ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။

Photo Credit: Standard

နီဗက်က – “ဆော်ဒီမြေဆီ ပြောင်းရွှေ့လာရတဲ့ အဓိက အကြောင်းပြချက်က ကျွန်တော့်ရဲ့ မိသားစုပါပဲ။ ကျွန်တော့်ရဲ့ မိသားစုကို ကျွန်တော် တဘဝလုံး အိမ်မက် မက်ခဲ့ရတဲ့ ဘဝမျိုးနဲ့ ထားနိုင်တော့မယ့် အခွင့်အရေးကောင်း ရလာချိန်မှာ လက်မလွှတ်ချင်ခဲ့ပါဘူး။ ဒါကပဲ ဆော်ဒီမြေဆီ ပြောင်းလာခဲ့တဲ့ အဓိက အကြောင်းပြချက် ဖြစ်ခဲ့တာပါ။ ကျွန်တော့်မှာ ကလေး ၃ယောက် ရှိတယ်။ ချစ်စရာကောင်းတဲ့ ဇနီးသည်လည်း ရှိတယ်။ ကျွန်တော့်မှာ သူတို့တွေ အားလုံးကို ကျွေးမွေး စောင့်ရှောက်ရမယ့် တာဝန်တွေ ရှိပါတယ်။ အယ် ဟီလယ်က ကျွန်တော့်ရဲ့ အိမ်မက်တွေကို ဖြည့်ဆည်းနိုင်ဖို့ အကောင်းဆုံး ကူညီပေးခဲ့တာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

ရူဘင် နီဗက်က အယ် ဟီလယ်မှာ တနှစ် လုပ်ခလစာ ပေါင် ၁၅.၆သန်းနဲ့ ၃နှစ်စာချုပ် အတွက် စုစုပေါင်း ပေါင် ၄၈သန်း ရရှိသွားဖို့ ရှိနေပြီး အယ် ဟီလယ်က ရူဘင် နီဗက်အတွက် ဝုလ်ဗ်ထံ ပြောင်းရွှေ့ကြေး ယူရို ၅၅သန်း ပေးချေခဲ့ရပါတယ်။