ဂျာမနီ လက်ရွေးစင် အသင်းရဲ့ နည်းပြ ဖြစ်သူ ဂျိုအာချင်လိုကတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူး လီဝန်ဒေါ့စကီးဟာ ပြီးခဲ့တဲ့ (၂၀၁၉-၂၀) ရာသီမှာ သွင်းဂိုး အများဆုံး ကစားသမား ဖြစ်ခဲ့ပေမယ့် ဂိုးသမား နူအာက ပြီးခဲ့တဲ့ ရာသီရဲ့ အကောင်းဆုံး ကစားသမားပါလို့ ပြောခဲ့ပါတယ်။ လက်ရှိရာသီမှာ ဘလွန်းဒီအော်ဆုကို ပေးအပ်သွားမှာ မဟုတ်ဘူးလို့ ပြင်သစ် ဘောလုံး အဖွဲ့ကနေ တရားဝင် ထုတ်ပြန်သွားခဲ့တာကြောင့် ဘလွန်းဒီအော်ဆုကို မပေးအပ်တော့မှာ ဖြစ်ပြီး အများစုက တိုက်စစ်မှူး လီဝန်ဒေါ့စကီးအနေနဲ့ ဘလွန်းဒီအော်ဆုကို ရသင့်တယ်လို့ သုံးသပ် ပြောကြပါတယ်။

 

Photot Credit: Sportskeeda

တိုက်စစ်မှူး လီဝန်ဒေါ့စကီးဟာ လက်ရှိရာသီမှာ ချန်ပီယံလိဂ် ဖလား၊ ဘွန်ဒက်စ်လီဂါ ဆုဖလား နဲ့ ဂျာမန် ပိုကယ် ဖလားတို့ကို ရရှိနိုင်ခဲ့ပြီး ချန်ပီယံလိဂ် သွင်းဂိုး အများဆုံး နဲ့ ဘွန်ဒက်စ်လီဂါ သွင်းဂိုး အများဆုံး ဖြစ်ခဲ့တာကြောင့် ဘလွန်းဒီအော်ဆုသာ ပေးရင် ရသင့်တယ်လို့ ထင်ကြေးပေးခံရပါတယ်။ တိုက်စစ်မှူး လီဝန်ဒေါ့စကီးဟာ ပြီးခဲ့တဲ့ ရာသီမှာ ကစားတဲ့ ပွဲစဉ်ထက် သွင်းတဲ့ ဂိုးက ပိုများခဲ့တာ ဖြစ်ပေမယ့်လည်း ဂျာမနီ လက်ရွေးစင် အသင်းရဲ့ နည်းပြ ဂျိုအာချင်လိုကတော့ ပြီးခဲ့တဲ့ ရာသီမှာ အကောင်းဆုံး ကစားသမားက ဘိုင်ယန် ဂိုးသမား နူအာ ဖြစ်တယ်လို့ ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Sportskeeda

ဂျာမနီ လက်ရွေးစင်အသင်းရဲ့ နည်းပြ ဂျိုအာချင်လိုက “ဂိုးသမား နူအာက ပြီးခဲ့တဲ့ (၂၀၁၉-၂၀) ခုနှစ်မှာ ပုံစံကောင်းကို ပြသခဲ့ပါတယ်။ သူက သူ့ရဲ့ ကိုယ်ပိုင် အဆင့် ရှိပါတယ်။ ရူးသွပ်ချင်စရာ ကောင်းတဲ့ လက်စွမ်း နဲ့ မယုံနိုင်စရာ ကောင်းတဲ့ လက်စွမ်းကို ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော် လီဝန်ဒေါ့စကီးကိုလည်း ဆန့်ကျင်ပြီး ပြောစရာ မရှိပါဘူး။ သူက ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်တယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ လက်ရှိရာသီရဲ့ အကောင်းဆုံး ကစားသမားက ဂိုးသမား နူအာပဲ ဖြစ်ပါတယ်။ လစ္စဘွန်မြို့မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ် ကစားခဲ့ကြတဲ့ အချိန်မှာ သူက နောက်တန်းကို ပို လုံခြုံစေခဲ့ပါတယ်။ သူက ချန်ပီယံလိဂ် ဆုဖလား ရရှိမှုမှာ ကြီးမားတဲ့ အခန်းကနေ ပါဝင်ခဲ့ပါတယ်။ သူ နေရာတိုင်းမှာ ပါဝင်ကစားနိုင်ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။