ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ နံပါတ်တစ် ဂိုးသမား မန်နူရယ် နူအာဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ် ၄-၀ အူနီယန် ဘာလင် ပွဲစဉ်မှာ ပါဝင် ကစားပေးခဲ့ပြီးနောက် ဂျာမန် ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ သမိုင်းမှာ နိုင်ပွဲအများဆုံး ရထားတဲ့ ကစားသမား ဆိုတဲ့ စံချိန်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။

 

အသက် ၃၅နှစ် အရွယ် ဂျာမဏီနဲ့ ဘိုင်ယန်မြူးနစ် နံပါတ်တစ် ဂိုးသမား နူအာဟာ ၂၀၀၅ခုနှစ်မှာ သူ့ရဲ့ ကစားသမားဘဝ ပထမဦးဆုံး ဘွန်ဒက်လီဂါနိုင်ပွဲကို စတင် ရရှိခဲ့တာ ဖြစ်ပြီး အူနီယန် ဘာလင်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်ဟာ သူ့ရဲ့ ကစားသမား ဘဝမှာ ၃၁၁ပွဲမြောက် ဘွန်ဒက်လီဂါနိုင်ပွဲပဲ ဖြစ်ပါတယ်။

Photo Credit: Standard

နူအာဟာ သူ့ရဲ့ ကစားသမားဘဝမှာ ရှော်ကေးအတွက် ဘွန်ဒက်လီဂါပွဲစဉ် ၁၅၆ပွဲ ၊ ဘိုင်ယန်မြူးနစ် အတွက် ဘွန်ဒက်လီဂါပွဲစဉ် ၃၀၄ပွဲ ပါဝင် ကစားပေးထားကာ စုစုပေါင်း ဘွန်ဒက်လီဂါပွဲ ၄၆၀ ကစားထားရာ နိုင်ပွဲ ၃၁၁ပွဲ အထိ ရရှိထားတာကြောင့် သူ ပါဝင် ကစားထားတဲ့ ပွဲစဉ်တွေရဲ့ စုစုပေါင်း ၆၈ ရာခိုင်နှုန်းအထိ နိုင်ပွဲ ရရှိထားတာပါ။

ဒါကြောင့်ပဲ နူအာဟာ ဘိုင်ယန်မြူးနစ်နဲ့ ဂျာမဏီတို့ရဲ့ ဂန္တဝင် ဂိုးသမားဟောင်း အိုလီဗာခန်(နိုင်ပွဲ၃၁၀ပွဲ)ကို ကျော်ဖြတ်ကာ ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ သမိုင်းတလျှောက် နိုင်ပွဲအများဆုံး ကစားသမား အဖြစ် မှတ်တမ်း ဝင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

ဒါ့အပြင် နူအာက ဘိုင်ယန်မြူးနစ်မှာ နောက်ထပ် အနည်းဆုံး ၃နှစ်ခန့် ထပ်မံ ကစားဖို့ စီစဉ်နေတာကြောင့် သူ အနားယူချိန်မှာ သူ့ရဲ့ ကစားသမားဘဝ ဘွန်ဒက်လီဂါနိုင်ပွဲ စုစုပေါင်းဟာ ပွဲ၄၀၀ အထိ ဖြစ်လာနိုင်ကြောင်း ဂျာမန် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။