ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ နံပါတ်တစ် ဂိုးသမားလည်း ဖြစ်တဲ့ မန်နျူရယ် နူအာဟာ သူ့ရဲ့ ဒူးခေါင်းဒဏ်ရာကို ခွဲစိတ်ရဖို့ ရှိတာကြောင့် ကာလရှည် အနားယူရတော့မယ်လို့ ဘိုင်ယန်မြူးနစ်အသင်းက တရားဝင် ထုတ်ပြန် ကြေညာသွားပါတယ်။

အသက် ၃၅နှစ် အရွယ် ဂျာမန် လက်ရွေးစင် ဂိုးသမား နူအာဟာ ဘိုင်ယန်မြူးနစ်ရဲ့ အဓိက ဂိုးသမား တဦး အဖြစ် ကာလရှည် လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့သူ တဦး ဖြစ်ပြီး အသင်းရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

Photo Credit: AS English

နူအာဟာ ယခုနှစ် ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ် အတွက် ပြိုင်ပွဲစုံမှာ ၂၈ပွဲ ပါဝင် ကစားပေးထားရာ ပေးဂိုး ၂၈ဂိုး ခွင့်ပြုထားရပြီး ဂိုးမပေးရတဲ့ပွဲ ၁၁ပွဲ အထိ ရရှိအောင် စွမ်းဆောင်ထားနိုင်သူပါ။

နူအာဟာ ဘိုင်ယန်မြူးနစ်က လိုက်ပ်ဇက်ကို ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာပဲ ညာဘက် ဒူးခေါင်းဒဏ်ရာ ရရှိခဲ့ပြီး ယမန်နေ့မှာတော့ သူ့ရဲ့ ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ကြောင်းနဲ့ ခွဲစိတ်မှု အောင်မြင်ခဲ့ပေမယ့် နူအာဟာ ရက်သတ္တပတ် အနည်းငယ် အနားယူရဖို့ ရှိနေကြောင်း ဘိုင်ယန်မြူးနစ်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

Photo Credit: AS English

ဘိုင်ယန်မြူးနစ်က – “မန်နျူရယ် နူအာက သူ့ရဲ့ ညာဘက် ဒူးခေါင်းဒဏ်ရာကို တနင်္ဂနွေနေ့မှာပဲ ခွဲစိတ်မှု ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် ဘိုင်ယန်မြူးနစ်ဟာ လာမယ့် ရက်သတ္တပတ် အနည်းငယ်မှာ အသင်းခေါင်းဆောင် မရှိပဲနဲ့ ကစားရဖို့ ရှိနေပါတယ်” လို့ ထုတ်ပြန် ကြေညာခဲ့တာပါ။

ဘိုင်ယန်မြူးနစ်ရဲ့ အားကစား ဒါရိုက်တာ ဖြစ်သူ ဆလီဟာမီဒီဇစ်ကလည်း နူအာ တယောက် ခပ်မြန်မြန်ပဲ ဒဏ်ရာပျောက်ကင်းပါစေလို့ ဆုတောင်းပေးခဲ့ပါသေးတယ်။ ဆလီဟာမီဒီဇစ်က – “ကျွန်တော်တို့ အသင်းမှာ ရှိနေတဲ့ လူတွေ အားလုံးက နူအာ တယောက် ခပ်မြန်မြန်ပဲ ဒဏ်ရာကနေ ပြန်လည် သက်သာလာစေဖို့ ဆုတောင်းပေးနေကြပါတယ်” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။