ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်နဲ့ ဂျာမဏီ လက်ရွေးစင် အသင်းတို့ရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ မန်နျူရယ် နူအာကတော့ သူဟာ မျက်နှာအရေပြားကင်ဆာ ခံစားခဲ့ရပြီး အရေပြားကင်ဆာကို ကုသနိုင်ဖို့ အတွက် အချိန် ၁နှစ် ဝန်းကျင် လိုအပ်ခဲ့ကြောင်း ယနေ့ညနေမှာပဲ ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် ဝါရင့် ဂျာမဏီ ဂိုးသမား နူအာက ဘိုင်ယန်မြူးနစ်နဲ့ ဂျာမဏီအသင်းတို့ရဲ့ မရှိမဖြစ် ဂိုးသမား တဦး ဖြစ်ပြီး လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား အဖြစ် ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူတွေရဲ့ သတ်မှတ်ခြင်းကို ခံထားရသူပါ။

Photo Credit: Bild

နူအာဟာ ဂိုးသမား တဦးရဲ့ အရေးအကြီးဆုံး တာဝန် ဖြစ်တဲ့ ဂိုးပေါက် ကာကွယ်မှုတွေမှာ သူမတူအောင် ထူးချွန်သလို သူ့ရဲ့ ဘောလုံးစွမ်းရည်ကြောင့် အသင်းရဲ့ ကစားကွက်ထဲမှာပါ ပါဝင်ပြီး ကစားနိုင်သူ ဖြစ်ကာ နူအာကြောင့်ပဲ မော်ဒန်ဘောလုံးလောကမှာ ဂိုးသမားတွေဟာ ဂိုးပေါက်ကို ကာကွယ်နိုင်ရုံနဲ့ မလုံလောက်သေးပဲ ဘောလုံးပေးပို့မှု စွမ်းရည်ပါ ကောင်းမွန်ရမယ် ဆိုတဲ့ ယူဆချက်တွေ ထွက်ပေါ်လာခဲ့တာပါ။

နူအာက လက်ရှိအချိန်မှာ ကမ္ဘာ့အဆင့် လက်စွမ်းကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပေမယ့် သူဟာ မျက်နှာအရေပြားကင်ဆာ တမျိုး ခံစားခဲ့ရပြီး အဆိုပါ ကင်ဆာရောဂါကို ပျောက်ကင်းအောင် အတွက် ခွဲစိတ်မှု ၃ကြိမ် ခံယူရန် လိုအပ်ခဲ့သလို အဆိုပါ ခွဲစိတ်မှုတွေကို လုပ်ဆောင်ဖို့ ၁နှစ် နီးပါး အချိန်ယူခဲ့ရကြောင်း နူအာက နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုလာပါတယ်။

Photo Credit: Bild

နူအာက – “ကျွန်တော်က အရေပြားကင်ဆာကို ခံစားခဲ့ရသလို အဲ့ဒီရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ဖို့ အတွက် ခွဲစိတ်မှု ၃ကြိမ် အထိ လုပ်ဆောင်ခဲ့ရပါတယ်။ ကျွန်တော်တို့လို အားကစားသမားတွေက အဆက်မပြတ် နေရောင်ထဲမှာ လေ့ကျင့်ရသလို အားလပ်ချိန်တွေမှာလည်း နေရောင် ပိုရတဲ့ နေရာတွေဆီ သွားပြီး အပန်းဖြေလေ့ ရှိကြပါတယ်။ ဒါကြောင့် ကျွန်တော့်လို မျက်နှာအရေပြားကင်ဆာ မဖြစ်ဖို့ အားကစားသမားတွေက မော်ဒန် နေရောင်ကာလိမ်းဆေးကို လိုအပ်ပါတယ်။ အခု ကျွန်တော်က အားကစားသမားတွေ အတွက် အထောက်အကူ ဖြစ်မယ့် နေရောင်ကာလိမ်းဆေးကို ထုတ်ဖို့ ကြိုးစားနေပါတယ်” ဆိုပြီး ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။