ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ ဝုလ်ဗ်က သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး နက်တိုကို လာမယ့် နွေဈေးကွက်မှာ ရောင်းချသွားဖို့ စဉ်းစားထားကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက တညီတညွတ်ထဲ ဖော်ပြလာကြပါတယ်။

အသက် ၂၃နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား နက်တိုက ၂၀၁၉ခုနှစ်မှာ လာဇီယို ကနေ ဝုလ်ဗ်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၇သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ဝုလ်ဆီ ရောက်ရှိချိန်ကတည်းက အသင်းရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

Photo Credit: Express

နက်တိုက လျင်မြန်တဲ့ တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သလို လိုအပ်ရင် အထောင်တိုက်စစ် နေရာမှာပါ ဆော့ကစားနိုင်စွမ်း ရှိပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဝုလ်ဗ်အတွက် ပြိုင်ပွဲစုံမှာ ၁၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၀ကြိမ် အထိ ရရှိထားပါတယ်။

သူ့ရဲ့ နေရာစုံမှာ ဆော့ကစားနိုင်စွမ်း ၊ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ တိုးတက်နိုင်စွမ်းတို့ကြောင့်ပဲ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတွေ ဖြစ်ကြတဲ့ အာဆင်နယ်နဲ့ စပါးတို့က နက်တိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး နီတိုကလည်း သူ့ရဲ့ ကစားသမားဘဝ အတွက် ဝုလ်ဗ်ထက် ပိုကောင်းတဲ့ အသင်းဆီ ပြောင်းရွှေ့ချင်နေပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talk Sportsရဲ့ ဖော်ပြချက်အရ ဝုလ်ဗ်က လာမယ့် နွေဈေးကွက်မှာ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား နက်တိုကို ရောင်းထုတ်ဖို့ စဉ်းစားထားပြီး ဝုလ်ဗ်က နက်တိုကို သူတို့အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပမာဏမျိုး ရရင် သေချာပေါက် ရောင်းထုတ်တော့မယ်လို့ သိရပါတယ်။

ဝုလ်ဗ်က ပြီးခဲ့တဲ့ နွေဈေးကွက်မှာ သူတို့ရဲ့ ပေါ်တူဂီ ကွင်းလယ်လူ နူနက်စ်ကို စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၆၂သန်းနဲ့ မန်ချက်စတာ စီးတီးဆီ ရောင်းချထားတာကြောင့် နက်တိုကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ အနည်းဆုံး ပြောင်းရွှေ့ကြေး ယူရို ၆၂.၅သန်း ပေးချေဖို့ လိုအပ်နေပါတယ်။