ယူရို၂၀၂၀ပြိုင်ပွဲမှာ မျှော်မှန်းထားသလောက် အောင်မြင်မှုတွေ မရတာကြောင့် နည်းပြ ဒီဘိုးဝါးကို ရာထူးကနေ ထုတ်ပယ်ထားတဲ့ နယ်သာလန် လက်ရွေးစင်အသင်းဟာ လက်ရှိမှာတော့ အသင်းလက်မဲ့ ဖြစ်နေတဲ့ နာမည်ကြီး နည်းပြ ကွန်တီကို အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ချဉ်းကပ်နေကြောင်း သိရပါတယ်။

နယ်သာလန်အသင်းဟာ ယူရို၂၀၂၀ပြိုင်ပွဲမှာ အနိမ့်ဆုံး ကွာတားဖိုင်နယ်အဆင့် အထိ တက်လှမ်းနိုင်ဖို့ မျှော်မှန်းထားခဲ့ပေမယ့် ၁၆သင်းအဆင့်မှာတင် ချက်အသင်းကို အမှတ်မထင် ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲအပြီးမှာပဲ ယာယီနည်းပြ ဒီဘိုးဝါးနဲ့ လက်တွဲဖြုတ်ခဲ့တာပါ။

Photo Credit: Daily Mail

လက်ရှိမှာတော့ နယ်သာလန်အသင်းဟာ အသင်းကို ဆုဖလား အောင်မြင်မှုတွေ ရယူပေးနိုင်မယ့် နည်းပြသစ် တဦးကို ရှာဖွေနေပြီး ဂျူဗင်တပ်အသင်း ၊ ချယ်လ်ဆီးအသင်းနဲ့ အင်တာမီလန်အသင်းတို့မှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့သလို အီတလီ လက်ရွေးစင်အသင်းကိုလည်း ကိုင်တွယ်ခဲ့ဖူးတဲ့ အီတလီလူမျိုး နည်းပြ ကွန်တီကို ကြိုးစားနေပါတယ်။

အသက် ၅၁နှစ် အရွယ် အီတလီလူမျိုး နည်းပြ ကွန်တီဟာ နာမည်ကျော် နည်းပြတဦး ဖြစ်သလို သူ ကိုင်တွယ်တဲ့ အသင်းတိုင်းဟာ ခံစစ်ပိုင်းကျစ်လျစ်မှု ၊ အမိန့်နာခံတတ်မှု စတဲ့ အပိုင်းတွေမှာ တိုးတက်လေ့ ရှိတာကြောင့် နယ်သာလန်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးသည်အထိ ကွန်တီကို သူတို့အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ဖို့ စဉ်းစားနေတာပါ။

Photo Credit: Daily Mail

ကွန်တီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စဉ်းစားနေတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး နယ်သာလန် ဘောလုံးပရိသတ် တချို့က ကန့်ကွက်မှုတွေ ရှိကြပေမယ့် ဘောလုံးကျွမ်းကျင်သူတွေ ကတော့ ကွန်တီဟာ နယ်သာလန်အသင်းကို အရင်လို ဆုဖလားတွေ ရရှိအောင် ကြိုးပမ်းပေးနိုင်မယ့် နည်းပြကောင်း ဖြစ်ကြောင်း သုံးသပ်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ နယ်သာလန်အသင်းဟာ ကွန်တီကို ခန့်အပ်ဖို့ ကမ်းလှမ်းမှု တခု ပြုလုပ်ထားပြီး ကွန်တီကလည်း နယ်သာလန်အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စား နေပေမယ့် ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို စောင့်ကြည့်ပြီးမှသာ လက်ခံမယ် ၊ လက်မခံဘူး ဆိုတာကို ဆုံးဖြတ်မယ်လို့ သိရပါတယ်။