ဒီလကုန်မှာပဲ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မယ့် ဆာဘီးယား ကွင်းလယ်ကစားသမားကြီး နီမန်ဂျာမာတစ်ဟာ လက်ရှိမှာ သူရဲ့ဆရာသမားဟောင်း ဂျိုဆေးမော်ရင်ဟိုရှိရာ ရိုးမားအသင်းဆီကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ပြောင်းရွှေ့တော့မယ်လို့ သတင်းများစွာမှာ ဖော်ပြလာခဲ့ပါတယ်။

အသက်(၃၃)နှစ်အရွယ် ဆာဘီးယား လက်ရွေးစင် ဝါရင့်ကွင်းလယ်လူ မာတစ်ဟာ ဇွန်(၃၀)ရက်နေ့မှာ သူရဲ့လက်ရှိကလပ် ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မှာဖြစ်လို့ အသင်းကနေ free transfer နဲ့ ထွက်ခွာနိုင်တော့မှာဖြစ်လို့ မာတစ်ကို အသင်းများစွာက ကမ်းလှမ်းလာခဲ့ကြပေမယ့် မာတစ်ကတော့ မော်ရင်ဟိုရဲ့ ရိုးမားအသင်းကိုသာ ရွေးချယ်သွားဖို့ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။ Skysports ရဲ့ဖော်ပြချက်အရ မာတစ်ဟာ ရိုးမားအသင်းနဲ့ ၂၀၂၃ခုနှစ်ထိ သက်တမ်းရှိတဲ့ တစ်နှစ်စာချုပ်ကို ချုပ်ဆိုမှာဖြစ်သလို နောက်တစ်နှစ် ထပ်မံသက်တမ်းတိုးခွင့်ကိုလည်း ထည့်သွင်းလာမယ်လို့ သိရပါတယ်။

အာမီးနီးယား ကွင်းလယ်လူ ဟင်းနရစ်မစ်ခီတာရန်ကို လက်လွတ်ရတော့မယ့် ရိုးမားအသင်းဟာ မစ်ခီတာရန်ရဲ့နေရာအတွက် မာတစ်လို အတွေ့အကြုံရှိ ကစားသမားတစ်ဦးကို ပြန်လည်အစားထိုး ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ မာတစ်ကိုယ်တိုင်ကလည်း ချယ်လ်ဆီး ယူနိုက်တက်အသင်းတွေမှာ အတူလက်တွဲခဲ့ဖူးသူ မော်ရင်ဟို ကိုင်တွယ်လို့နေတဲ့ ရိုးမားအသင်းဆီကို ပြောင်းရွှေ့ချင်နေပြီး ရိုးမားကလည်း လာမယ့် ဘောလုံးရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲကို ဝင်ရောက်ခွင့် ရရှိထားသလို မာတစ်ရဲ့ အသင်းဟောင်း ယူနိုက်တက်ကပါ ယူရိုပါလိဂ်မှာ ကစားရမှာဖြစ်လို့ မာတစ်အနေနဲ့ အသင်းဟောင်းနဲ့ ခပ်မြန်မြန် ပြန်လည်ရင်ဆိုင်ရဖွယ်လည်း ရှိနေရပါတယ်။ မာတစ်ဟာ ၂၀၁၇ခုနှစ်ကမှ မော်ရင်ဟိုရဲ့ ခေါ်ယူမှုနဲ့ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး (၅)နှစ်တာ ကာလအတွင်းမှာ ယူနိုက်တက်အတွက် ပွဲပေါင်း(၁၈၉)ပွဲအထိကို ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၄)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။