ပြီးခဲ့တဲ့ နွေတုန်းက ပရီးမီးယားလိဂ် ကလပ်အသင်းတွေ အားလုံးထဲကမှ ကစားသမားခေါ်ယူမှု ပြောင်းရွှေ့ကြေးအများ အသုံးပြုမှု ဖြစ်ခဲ့ရတဲ့ အာဆင်နယ်အသင်းဟာ ဆောင်းရာသီမှာတော့ လှုပ်ရှားမှုတွေက ခပ်သွက်သွက် ဖြစ်နေပေမယ့်လည်း ရလဒ်တွေက အေးတိအေးစက် ဖြစ်နေရပြီး အခုလည်း အသင်းကနေ အလိုရှိနေတဲ့ ကစားသမားတစ်ဦးဖြစ်သူ အာသာမယ်လိုကို အငှားနဲ့ ခေါ်ယူဖို့ပါ လုံးဝ ပျက်ပြယ်သွားခဲ့ပြီလို့ ဖာဘရီဇီယိုရိုမာနိုက သူရဲ့တွစ်တာကနေ ဖော်ပြသွားခဲ့ပါတယ်။
Photo Credit : Gooner Talk
အာဆင်နယ်အသင်းဟာ နွေတုန်းက ဘင်ဝှိုက်အပါအဝင် ရမ်းစ်ဒယ် တိုမီယာစု လိုဂွန်ဂါ တာဗာရက်စ် အစရှိတဲ့ ကစားသမားသစ်တွေကို ခေါ်ယူအားဖြည့်နိုင်ခဲ့ပေမယ့် အသင်းရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းတွေကို ထပ်မံဖြည့်တင်းဖို့ လိုအပ်နေတာကြောင့် တိုက်စစ်ပိုင်းအတွက် ဗလာဟိုဗစ်နဲ့ ကွင်းလယ်အတွက် အာသာမယ်လိုတို့ကို ပစ်မှတ်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗလာဟိုဗစ်က ဂျုဗင်တပ်စ်အသင်းကို ပြောင်းရွှေ့သွားခဲ့သလို ဂျုဗင်တပ်စ်အသင်းရဲ့ ကွင်းလယ်ကစားသမား အာသာမယ်လိုကလည်း အာဆင်နယ်အသင်းဆီ အငှားနဲ့ ပြေ ာင်းရွှေ့ဖို့က အသင်းနှစ်သင်းကြား ညှိနှိုင်းမှု အဆင်မပြေခဲ့တာကြောင့် ပျက်ပြယ်သွားခဲ့ရပါတယ်။
Photo Credit : tbrfootball
အာဆင်နယ်အသင်းဟာ အသင်းရဲ့တိုက်စစ်ပိုင်းမှာ အသင်းခေါင်းဆောင်ဟောင်း အူဘာမီယန်းကို အသင်းမှာ ဆက်ထားဖို့ မရေမရာ ဖြစ်နေသလို လာကာဇက် အန်ခယ်တီယာတို့ကလည်း ရာသီအကုန်မှာ အသင်းနဲ့ လမ်းခွဲဖို့် သေချာနေတဲ့အပြင် လက်ရှိအသင်းရဲ့ တိုက်စစ်ကလည်း ၂၀၂၂ခုနှစ်ထဲမှာ သွင်းဂိုးက တစ်ဂိုးတည်းသာ ရရှိထားနေတာကြောင့် တိုက်စစ်အတွက် ကစားသမားသစ်တစ်ဦးကို အလိုရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေတွေအရ အာဆင်နယ်အနေနဲ့ တိုက်စစ်မှူးသစ် တစ်ဦးကို ခေါ်ယူသွားဖို့က ခက်ခဲလို့နေပြီး လတ်တလောမှာတော့ ဆိုစီဒက်အသင်းရဲ့ ဆွီဒင်တိုက်စစ်မှူး အစ်ဆက်ခ်နဲ့ လိုင်လီအသင်းရဲ့ ကနေဒါတိုက်စစ်မှူး ဂျိုနသန်ဒေးဗစ်တို့ကို ပစ်မှတ်ထားနေပါတယ်။ နောက်ပြီး အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ပါတေးနဲ့ တွဲဖက်ကစားဖို့အတွက် လိုကွန်ဂါ ဇာခါတို့ထက် ပိုအရည်အသွေးကောင်းတဲ့ ကွင်းလယ်လူတစ်ဦးကို ခေါ်ယူသွားချင်နေတာဖြစ်လို့ ဂျုဗီကွင်းလယ်လူ အာသာမယ်လိုနဲ့ လိုင်ယွန်ကွင်းလယ်လူ ဂွီမာရေးစ်တို့ကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပေမယ့် မယ်လိုက ဂျုဗင်တပ်စ်အသင်းမှာ ဆက်နေရဖွယ် ရှိနေသလို ဂွီမာရေးစ်ကလည်း နယူးကာဆယ်အသင်းဆီကို ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။ အာဆင်နယ်ဟာ ဒီလို လူခေါ်ယူဖို့ ခက်ခဲနေပေမယ့် အသင်းရဲ့ ကစားသမားတချို့ကိုတော့ အသင်းကနေ အငှား အပြီးသတ် ပုံစံအမျိုးမျိုးနဲ့ လက်လွတ်လျက် ရှိနေပါတယ်။