မနေ့ညက Tottenham Hotspurs ကွင်းထဲမှာ ကျင်းပသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ အိမ်ရှင်စပါးအသင်းကို လီဗာပူးလ်က (၁)ဂိုး(၃)ဂိုးနဲ့ အနိုင်ယူခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ရောက်ရှိနေတဲ့ မန်စီးတီးအသင်းကို ထပ်မံဖိအားပေးထားနိုင်ခဲ့သလို ၂၀၁ရခုနှစ်နောက်ပိုင်းကတည်းက လုံးဝကို မရှုံးထားခဲ့ရတဲ့ စပါးအသင်းကိုလည်း ဒီတစ်ကြိမ်မှာ ထပ်မံအနိုင်ရခဲ့တာဖြစ်ပြီး ဒီနိုင်ပွဲက သူတို့အသင်းအတွက် တကယ့်ကို ထိုက်တန်တဲ့ နိုင်ပွဲတစ်ပွဲဖြစ်တယ်လို့ လီဗာပူးလ်အသင်းရဲ့ ညာနောက်ခံကစားသမား အလက်ဇန်းဒါးအာနိုးက မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။

Photo Credit : The Times

အသက်(၂၂)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ညာနောက်ခံကစားသမား အာနိုးဟာ စပါးအသင်းနဲ့ ပွဲစဉ်အတွင်းမှာ လီဗာပူးလ်အသင်းအတွက် အရေးပါလှတဲ့ ဒုတိယမြောက်ဦးဆောင်ဂိုးကို သူကိုယ်တိုင် သွင်းယူနိုင်ခဲ့သလို အသင်းကို အနိုင်သေချာစေမယ့် ဆာဒီယိုမာနေးရဲ့ သွင်းဂိုးကိုလည်း သူကိုယ်တိုင် ဖြတ်တင်ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ အာနိုးအပါအဝင် လီဗာပူးလ်တစ်သင်းလုံး ပုံစံကောင်းပြ ကစားနိုင်ခဲ့ပြီး ပြိုင်ဘက်အသင်းကို လွှမ်းမိုးကစားထားနိုင်ခဲ့သလို ထိုက်တန်တဲ့ နိုင်ပွဲကိုလည်း အရယူဆောင်နိုင်ခဲ့ပါတယ်။

Photo Credit : Goal

ဒီပွဲစဉ်နဲ့ပတ်သက်ပြီး အာနိုးက “ကျွန်တော်တို့က ဒီပွဲကို အကောင်းဆုံးကစားသွားဖို့အတွက် စီစဉ်ညွှန်ကြားထားခဲ့တဲ့ Game Plan အတိုင်း ကစားခဲ့တာာဖြစ်လို့ အနိုင်(၃)မှတ်က ကျွန်တော်တို့အသင်းအတွက် ထိုက်တန်မှု ရှိပါတယ်။ ဒီလိုပွဲမျိုးမှာ သွင်းယူခဲ့တ့ သွင်းဂိုးတွေက ပြိုင်ဘက်ရဲ့ကစားဟန်ကို ပြောင်းလဲသွားစေနိုင်သလို သူတို့လည်း ဒုတိယပိုင်း ပွဲချိန်အတွင်းမှာ အနည်းငယ်ကျဆင်းလာခဲ့တယ်။ ဒီအချိန်မှာ ကျွန်တော်တို့ဘက်ကနေ နေရာလွတ်တွေကို အလွယ်တကူ ရှာဖွေလာနိုင်ပြီး အခွင့်အရေးတွေကိုလည်း ရရှိသလို သူတို့ဘက်ကိုလည်း အခွင့်အရေးနည်းနည်းလောက် ပေးလာရတော့တယ်။ ခံစစ်ပိုင်းမှာလည်း ဂျိုရယ်မာတစ်နဲ့ ဒုတိယပိုင်းမှ ဝင်ရောက်လာတဲ့ နာသန်နီရယ်ဖီးလစ်တို့ ပုံစံကောင်းပြခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံး အကောင်းဆုံး ကစားနိုင်ခဲ့ပြီးတော့ အရည်အသွေးကောင်းတွေလည်း ပြသနိုင်ခဲ့တယ်။ ကျွန်တော်အတွက်ကတော့ အသင်းအတွက် ဂိုးလည်းသွင်းနိုင်ပြီး အသင်းကို အကူအညီပြုနိုင်တာ အရမ်းကို ခံစားချက်ကောင်းနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်းက ဘာမှထွေထွေထူးထူး ပြောင်းလဲသွားတာမျိုးတော့ မဟုတ်ပါဘူး။ ပွဲတွေကို အကောင်းဆုံးပုံစံနဲ့ ယှဉ်ပြိုင်ကစားတယ်။ ပြိုင်ဘက်တွေကိုလည်း လေးစားမှုထားတယ်။ ကျွန်တော်တို့အပေါ် ကျွန်တော်တို့ ယုံကြည်မှုထားတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။