MySport Myanmar

ပုံမှန် ပွဲထွက်ခွင့် ရဖို့ ပီအက်စ်ဂျီကနေ ထွက်ခွာရန် ဆုံးဖြတ်လိုက်တဲ့ ကေလာ နာဗက်

ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ အဓိက ဂိုးသမား တဦး ဖြစ်သူ ကေလာ နာဗက်ကတော့ နည်းပြသစ် ဂယ်လ်တီယာရဲ့ လက်အောက်မှာ သူက အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာကို မရဖို့ သေချာသွားပြီးနောက် အသင်းသစ် ရှာဖွေဖို့ ဆုံးဖြတ်လိုက်ကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၅နှစ် အရွယ် ဝါရင့် ဂိုးသမားကြီး ကေလာ နာဗက်က လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတွေထဲက တဦး ဖြစ်ပေမယ့် သူက ပီအက်စ်ဂျီမှာ နောက်ထပ် ကမ္ဘာ့အဆင့် ဂိုးသမား တဦး ဖြစ်သူ ဒွန်နာရမ်မာနဲ့ ပွဲထွက်ခွင့် လုနေရပါတယ်။

Photo Credit: Standard

ကေလာ နာဗက်က ပီအက်စ်ဂျီကို အသင်းရဲ့ သမိုင်းတလျှောက် ပထမဦးဆုံးအကြိမ် အဖြစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးနိုင်ခဲ့တဲ့ ဂိုးသမားကောင်း တဦး ဖြစ်ပေမယ့် ပီအက်စ်ဂျီနည်းပြသစ် ဂယ်လ်တီယာက အသက်အရွယ်အရ သူ့ထက် ပိုမို ငယ်ရွယ်သလို အသင်းရဲ့ အနာဂတ်လို့ သတ်မှတ်နိုင်တဲ့ အီတလီ လက်ရွေးစင် ဂိုးသမား ဒွန်နာရမ်မာကိုသာ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ နာဗက်က ဂယ်လ်တီယာနဲ့ ဆွေးနွေးပြီးနောက် သူ့အတွက် ပုံမှန် ပွဲထွက်ခွင့် ရရှိမယ့် ထိပ်တန်း အသင်းကြီး တသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက် ချခဲ့ပြီး ပီအက်စ်ဂျီကလည်း နာဗက်ကို သင့်တော်တဲ့ ကမ်းလှမ်းမှု ရရှိရင် အသင်းပြောင်းခွင့် ပေးမယ်လို့ ကတိပေးထားပါတယ်။

Photo Credit: Standard

စပိန်နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ နာဗက်က သူ့ရဲ့ အနာဂတ် အတွက် ပီအက်စ်ဂျီ နည်းပြသစ် ဂယ်လ်တီယာ ၊ အားကစားဒါရိုက်တာ အသစ် ကန်ပို့စ်တို့နဲ့ တွေ့ဆုံကာ ဆွေးနွေးခဲ့ပြီးနောက် သူ့ရဲ့ အနာဂတ်ဟာ ပီအက်စ်ဂျီမှာ ဆက်မရှိတော့ကြောင်း သေချာ သိခဲ့ရပြီး နာဗက်က ပုံမှန် ပွဲထွက်ခွင့် မပေးနိုင်ရင် အသင်းပြောင်းခွင့် ပေးဖို့ ကန်ပို့စ်ထံ တောင်းဆိုခဲ့ကာ ကန်ပို့စ်ကလည်း နာဗက်ကို ပြောင်းရွှေ့ကြေး ယူရို ၁၀သန်းနဲ့ ရောင်းချဖို့ သဘောတူခဲ့ကြောင်း သိရပါတယ်။

ဒါပေမယ့် မကြာခင်မှာ အသက် ၃၆နှစ် ပြည့်တော့မယ့် နာဗက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းက မရှိသလောက် ရှားနေသလို စိတ်ဝင်စားတဲ့ အသင်းတချို့ကလည်း နာဗက်လို ဝါရင့် ဂိုးသမား တဦး အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၀သန်းကို ပေးချေဖို့ တွန့်ဆုတ်နေကြကြောင်းလည်း Marca သတင်းဌာနက ထပ်ဆင့် ဖော်ပြထားပါတယ်။

Exit mobile version