MySport Myanmar

နေသန်အကီကို စတမ်းဖို့ဒ်ဘရစ်ချ်ဆီ ပြန်လည်ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တဲ့ ချယ်လ်ဆီး

နွေဈေးကွက်အတွင်းမှာ နောက်ခံလူတွေကို အဓိကပစ်မှတ်ထားနေရတဲ့ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ နယ်သာလန် ဗဟိုနောက်ခံလူ နေသန်အကီကို မန်ချက်စတာစီးတီးအသင်းကနေ ပြန်လည်ခေါ်ယူသွားဖို့အတွက် ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက် ရရှိသွားခဲ့ပြီ ဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : SPORTbible

ရူဒီဂါနဲ့ ခရစ္စတန်ဆန်တို့လို center-back တွေကို အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးထားခဲ့ရတဲ့ ချယ်လ်ဆီးအသင်းဟာ နွေဈေးကွက်ထဲမှာ ဗဟိုခံစစ်မှူးနှစ်ဦးခန့်လောက် ပြန်လည်အားဖြည့်နိုင်ဖို့ ကြိုးပမ်းလျက် ရှိနေရာ လက်ရှိမှာတော့ နေသန်အကီကို ခေါ်ယူနိုင်ဖို့က အလားအလာကောင်းလာခဲ့ပြီ ဖြစ်ပါတယ်။ အသက်(၂၇)နှစ်အရွယ် နယ်သာလန် လက်ရွေးစင် နောက်ခံကစားသမား အကီဟာ သူရဲ့ စီနီယာ ကစားသမားဘဝမှာ ချယ်လ်ဆီးအသင်းမှာ စတင်ခဲ့တာဖြစ်ပြီး ဒီနွေမှာတော့ သူရဲ့အသင်းဟောင်းဆီကို ပြန်ရောက်လာဖို့ အကြောင်းဖန်လာခဲ့ရပါတယ်။

Photo Credit : Goal

အသက်(၁၅)နှစ်သားအရွယ်ကတည်းက ဖီယင်နု လူငယ်အသင်းကနေ ချယ်လ်ဆီး လူငယ်အကယ်ဒမီဆီ ရောက်ရှိလာခဲ့တဲ့ အကီဟာ ၂၀၁၂ခုနှစ်မှာပဲ ချယ်လ်ဆီးစီနီယာအသင်းအတွက် စတင်ကစားခွင့် ရရှိခဲ့ပြီး ၂၀၁၂-၂၀၁၃ ဘောလုံးရာသီမှာ စုစုပေါင်း (၆)ပွဲအထိ ကစားခဲ့ရပါတယ်။ ဒါပေမယ့်လည်း အကီဟာ ချယ်လ်ဆီးအသင်းမှာ (၄)ရာသီအတွင်း (၁၇)ပွဲခန့်သာ ပါဝင်ခဲ့ရပြီး ရက်ဒင်း ဝက်ဖို့ဒ် ဘုန်းမောက်အသင်းတို့ကို အငှားကစားသမားဘဝနဲ့ ကျင်လည်ခဲ့ရပါတယ်။ ၂၀၁၇ခုနှစ်မှာတော့ ဘုန်းမောက်အသင်းဆီကို အပြီးသတ် ပြောင်းရွှေ့ခဲ့တဲ့ အကီဟာ ဘုန်းမောက်အတွက် အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပြီးနောက် (၃)နှစ်အကြာမှာပဲ ပရီးမီးယားလိဂ် ထိပ်တန်းအသင်း မန်စီးတီးဆီကို ပေါင်(၄၁)သန်းနဲ့ ထပ်မံပြောင်းရွှေ့ခွင့် ရရှိလာခဲ့ရပါတယ်။ မန်စီးတီးမှာတော့ အကီက အသင်းရဲ့ ထိပ်တန်းခံစစ်ကစားသမားတွေကို ကျော်လွန်ပြီး ပုံမှန်နေရာရဖို့ မလွယ်ကူခဲ့ပဲ (၂)ရာသီအတွင်းမှာ ပရီးမီးယားလိဂ်ပွဲပေါင်း (၂၄)ပွဲကိုသာ ပါဝင်ခဲ့ရပါတယ်။ ဒီလိုအချိန်မှာ အသင်းဟောင်း ချယ်လ်ဆီးရဲ့ ချဉ်းကပ်လာမှုကို အကီဘက်ကနေ သဘောတူညီခဲ့ပြီး ချယ်လ်ဆီးအသင်းဆီ ပြန်လည်ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေခဲ့ပေမယ့် မန်စီးတီးဘက်ကတော့ သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၄၀) (၄၅)သန်းလောက်အထိ အလိုရှိနေသလို အကီရဲ့နေရာမှာ ပြန်လည်အစားထိုးနိုင်မယ့် နောက်ခံလူတစ်ဦး ခေါ်ယူပြီးနိုင်မှသာ အကီကို ရောင်းချဖွယ်လည်း ရှိနေပါတယ်။

Exit mobile version