ဒီနေ့ဇွန်လ(၁၈)ရက်နေ့ မနက်အစောပိုင်း (၁)နာရီအချိန်မှာတော့ ရိုးမားအသင်းရဲ့ အိုလံပီကိုကွင်းကြီးအတွင်းမှာ နာပိုလီနဲ့ ဂျုဗင်တပ်စ်အသင်းတို့က ကိုပါအီတလီယာ ဗိုလ်လုပွဲစဉ်အဖြစ် ထိပ်တိုက်ရင်ဆိုင်ကစားခဲ့ကြပြီး မိနစ်(၉၀)အတွင်းမှာ ဂိုးမရှိသရေကျနေခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ကြရာ နာပိုလီက ပင်နယ်တီမှာ (၄)ဂိုး(၂)ဂိုးနဲ့ အနိုင်ရကာ ကိုပါအီတလီယာချန်ပီယံ ဖြစ်သွားခဲ့ရပါတယ်။

နာပိုလီအသင်းဘက်မှာ မယ်ရတ် ဒီလော်ရန်ဇို မက်ဆီမိုဗစ် ကူလီဘလီ ရူအီ ဖာဘီယန်ရုဇ် ဒစ်မယ် ဇီလန်စကီး ကယ်လီဂျွန် မာတင်စ်နဲ့ အင်ဆစ်ဂနီတို့ ပါဝင်လာခဲ့ကြပြီး ကိုပါအီတလီယာရဲ့ အအောင်မြင်ဆုံးအသင်း ဂျုဗင်တပ်စ်ဘက်မှာတော့ ရော်နယ်ဒို ဒီဘားလား ကော်စတာ ပီယာနစ် မာတွီဒီ ဘန်တန်ကာ ဒီလစ် ဘနူချီ ဆန်ဒရို ကွာဒရာဒိုနဲ့ ဘူဖွန်တို့ ပါဝင်လာပါတယ်။ နှစ်သင်းလုံး အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပေမယ့် ပထမပိုင်းအတွင်းမှာ သွင်းဂိုးအဖြစ် ပြောင်းလဲသွားနိုင်မယ့် အခွင့်အရေးတွေကိုတော့ နာပိုလီဘက်ကနေ ပိုမိုပိုင်ဆိုင်ခဲ့ပြီး အင်ဆစ်ဂနီရဲ့ဖရီးကစ် တိုင်ထိသွားတာ ဒစ်မယ်ရဲ့အနီးကပ်ကန်ချက်ကို ဘူဖွန်ကာကွယ်နိုင်တာကြောင့်သာ နာပိုလီတို့ ဂိုးမရခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမှာတော့ ဘယ်အသင်းကမှ သွင်းဂိုးမရပဲ ဂိုးမရှိသရေသာ ဖြစ်နေခဲ့ရပါတယ်။

ဒုတိယပိုင်းမှာ နှစ်သင်းလုံးက လူစားလဲလှယ်မှုတွေကို အသီးသီးလုပ်ဆောင်ခဲ့ကြပေမယ့်လည်း မီလစ်ခ်နဲ့ ပိုလီတာနိုတို့ကို ထည့်သွင်းလာခဲ့တဲ့ နာပိုလီက ကစားပုံပိုကောင်းလာသလို ပိုလီတာနိုက ဂျုဗီခံစစ်ကို အတော်လေးဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဘာနာဒက်စကီးနဲ့ ဒန်နီလိုတို့ ဝင်ရောက်ကစားလာတဲ့ ဂျုဗင်တပ်စ်ရဲ့တိုက်စစ်ကတော့ သိသိသာသာကြီးကို ထက်မြက်လာခြင်းမရှိပဲ နာပိုလီကပဲ ဖိအားပိုပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပြီးခါနီးမှာလည်း မက်ဆီမိုဗစ်ရဲ့ ခေါင်းတိုက်ချက် ဂိုးဝင်ဖို့ အတော်လေးနီးစပ်ခဲ့ပေမယ့် ဘူဖွန်ကာကွယ်နိုင်ခဲ့လို့ ပင်နယ်တီဆက်ကစားခဲ့ရပါတယ်။ ပင်နယ်တီမှာ ဂျုဗီဘက်က ဒီဘားလားနဲ့ ဒန်နီလိုတို့ရဲ့ပင်နယ်တီကန်ချက်တွေ ဂိုးမဝင်ခဲ့ပဲ နာပိုလီဘက်က ပင်နယ်တီ(၄)ဂိုးလုံး ဂိုးဝင်ခဲ့လို့ ကိုပါအီတလီယာချန်ပီယံ ဖြစ်သွားခဲ့ရပါတယ်။