စီးရီးအေကလပ် နာပိုလီအသင်းကတော့ ဒီဈေးကွက်အတွင်းမှာပဲ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့တော့မယ့် တောင်ပံကစားသမား ခွာရတ်စကယ်လီယာ နေရာအတွက် မန်ချက်စတာ ယူနိုက်တက် ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်နဲ့ ပြန်လည် အစားထိုးသွားချင်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
ဂျော်ဂျီယာ လက်ရွေးစင် တောင်ပံကစားသမား ခွာရတ်စကယ်လီယာဟာ အသင်းကနေ ထွက်ခွာခွင့် တောင်းဆိုထားတယ်လို့ နာပိုလီနည်းပြ အန်တိုနီယို ကွန်တီကိုယ်တိုင် အတည်ပြုထားခဲ့သလို အခုလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲကမှ ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ဖို့ သဘောတူထားပြီပဲ ဖြစ်ပါတယ်။
Photo Credit : Goal
ခွာရတ်စကယ်လီယာကို ပီအက်စ်ဂျီအပြင် မန်ယူနိုက်တက် လီဗာပူးလ် ချယ်လ်ဆီးတို့ကပါ စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားကတော့ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ဖို့ကိုသာ ရွေးချယ်ခဲ့သလို ပီအက်စ်ဂျီမှာလည်း နာပိုလီမှာ ရခဲ့စဉ်က လုပ်ခလစာထက် (၄) (၅)ဆလောက်တောင် တိုးမြှင့်ရရှိသွားမှာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ ဒီအပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့အတွက် နာပိုလီနဲ့ ပီအက်စ်ဂျီတို့ကြား သဘောတူညီမှု ရရှိဖို့သာ ကျန်ရှိနေတော့ပြီး နာပိုလီက သူတို့အသင်းရဲ့ အရေးအပါဆုံး ကစားသမားတစ်ဦးကို သေချာပေါက် လက်လွတ်ရတော့မှာ ဖြစ်တာကြောင့် သူ့နေရာမှာ ပြန်လည် အစားထိုးဖို့ ကစားသမားသစ်တစ်ဦးကိုပါ အလိုရှိလာခဲ့ပါတယ်။
Photo Credit : Goal
လက်ရှိမှာတော့ နာပိုလီက ပရီးမီးယားလိဂ် ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်တဲ့ ရပ်ရှ်ဖို့ဒ်ကို မန်ယူနိုက်တက်အသင်းကနေ အငှားနဲ့ ခေါ်ယူသွားဖို့ ဆန္ဒရှိနေပြီး ဒီကစားသမားကိုလည်း စီးရီးအေက အေစီမီလန် ဂျုဗင်တပ်စ်တို့အပြင် လာလီဂါက ဘာစီလိုနာနဲ့ ဘွန်ဒက်စ်လီဂါက ဒေါ့မွန်အသင်းတို့ကပါ ခေါ်ယူသွားချင်နေပါတယ်။
လတ်တလောမှာတော့ ရပ်ရှ်ဖို့ဒ်ရဲ့ အေးဂျင့်ဖြစ်သူက ကလပ်အသင်း တော်တော်များများနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်လျက် ရှိလို့နေပြီး အပြောင်းအရွှေ့ ဖြစ်ပေါ်ဖို့က မြင့်မားလွန်းတဲ့ ရပ်ရှ်ဖို့ဒ်ရဲ့ လုပ်ခလစာကြောင့် အခက်တွေ့နေရသလို ယူနိုက်တက်ဘက်ကလည်း သူတို့ကစားသမားအတွက် ရာသီကုန်အထိ အငှားစာချုပ်အပြင် အပြီးသတ် ခေါ်ယူခွင့်နဲ့ ကမ်းလှမ်းလာတာမျိုးကို အလိုရှိနေပါတယ်။