အီတလီစီးရီးအေပြိုင်ပွဲကို ပြန်လည်မစတင်ခင်မှာပဲ ကိုပါအီတလီယာပြိုင်ပွဲကို အရင်ကျင်းပလိုက်တာကြောင့် အခုဆိုရင် ပြိုင်ပွဲရဲ့နောက်ဆုံးအဆင့် ဗိုလ်လုပွဲဆီကိုတောင် ရောက်ရှိနေပြီဖြစ်ပါတယ်။ ကိုပါအီတလီယာဖလားပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်ကိုတော့ နေပယ်မြို့က ဆမ်ပိုလိုဘောလုံးကွင်းမှာ မနက်ဖြန်မနက်အစောပိုင်း (၁)နာရီခွဲအချိန်မှာ ကျင်းပသွားမှာဖြစ်ပြီးတော့ နာပိုလီနဲ့ဂျုဗင်တပ်စ်အသင်းတို့က ချန်ပီယံဆုကိုလုရမှာပဲဖြစ်ပါတယ်။

Photo Credit : Getty Image

အင်တာမီလန်အသင်းကို အဝေးကွင်းမှာ အနိုင်ယူပြီး အိမ်ကွင်းမှာ သရေကစားနိုင်ကာ ဖိုင်နယ်ကို တတ်လှမ်းလာခဲ့တဲ့ နာပိုလီဘက်က မာနိုလက်စ် မကစားနိုင်သေးပေမယ့် ကူလီဘလီနဲ့ မက်ဆီမိုဗစ်တို့ ခံစစ်အတွဲအဖက်နဲ့ ဂျုဗင်တပ်စ်တိုက်စစ်ဘက်ကို အကောင်းဆုံးဟန့်တားနိုင်မှာပါ။ သိပ်မကြာသေးခင်က နာပိုလီဟာ သူတို့ရဲ့ဆမ်ပိုလိုကွင်းမှာ ဂျုဗင်တပ်စ်ကို ဧည့်ခံကစားခဲ့စဉ်တုန်းကလည်း (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ရထားခဲ့ပါတယ်။

Photo Credit : Getty Image

ကိုပါအီတလီယာပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ဂျုဗင်တပ်စ်အသင်းက မီလန်ကိုကျော်ဖြတ်ပြီး ဖိုင်နယ်ကို တတ်လှမ်းလာခဲ့တာဆိုပေမယ့် မီလန်နဲ့ပွဲက ခြေစွမ်းကတော့ အားရစရာမရှိပါဘူး။ ဒါပေမယ့် ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်း ဖြစ်နေသလို အစဉ်အလာလည်းကောင်းပြီး ဖိုင်နယ်ကို တတ်ရောက်ခဲ့တဲ့ နောက်ဆုံး(၄)ကြိမ်လုံးမှာလည်း ချန်ပီယံဖြစ်ခဲ့ပါတယ်။ နောက်ပြီး ဂျုဗင်တပ်စ်ဟာ အီတလီစူပါဖလားကိုလည်း လွဲချော်ထားရတာဖြစ်လို့ ကိုပါအီတလီယာကို ထပ်မံလွဲချော်ရမယ်ဆိုရင် ဂျုဗီနည်းပြဆာရီအတွက် အနာဂတ်ယိမ်းယိုင်လာနိုင်ပါတယ်။

Photo Credit : Ronaldo

ဂျုဗင်တပ်စ်အသင်းက ကိုပါအီတလီယာမှာ အစဉ်အလာကောင်းတဲ့ အသင်းဖြစ်သလို ချန်ပီယံဆုကိုလည်း (၁၃)ကြိမ်အထိတောင် ပိုင်ဆိုင်ထားခဲ့ရတာဆိုပေမယ့် နာပိုလီကတော့ ကိုပါအီတလီယာပြိုင်ပွဲမှာ အစဉ်အလာရှိလှတဲ့ အသင်းမဟုတ်ပဲ ချန်ပီယံ(၅)ကြိမ်သာ ဖြစ်ထားခဲ့ရပါတယ်။ ဂျုဗင်တပ်စ်အသင်းက အစဉ်အလာပိုင်းမှာတင်မကပဲ ကစားသမားပိုင်းမှာဆိုရင်လည်း နာပိုလီထက် ပိုအားသာနေပါတယ်။ ဒါပေမယ့် နောက်ဆုံးကစားသွားတဲ့ ပွဲစဉ်တွေအတွင်း ပြသခဲ့တဲ့ ခြေစွမ်းတွေအရတော့ နာပိုလီက သာနေပါတယ်။ လက်ရှိအနေအထားတွေအရ ဂျုဗင်တပ်စ်ကပဲ ဗိုလ်စွဲဖို့ရေပန်းစားနေပေမယ့် နာပိုလီကိုပဲ အရဲစွန့်အားပေးချင်ပါတယ်။