လက်ရှိ အချိန်မှာ နာပိုလီအသင်းအတွက် အလွန်ကို ခြေစွမ်းပြသလျက် ရှိနေတဲ့ နိုင်ဂျီးရီးယား တိုက်စစ်ကစားသမား ဗစ်တာအိုဆင်မန်က သူ့ကို အာဆင်နယ် နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးက အာဆင်နယ်အသင်းဆီ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတယ်လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : talkSPORT

အသက်(၂၄)နှစ်အရွယ်ရှိ နိုင်ဂျီးရီးယားလက်ရွေးစင် တိုက်စစ်ကစားသမား အိုဆင်မန်ဟာ သူ့အသက် (၁၈)နှစ်အရွယ်တုန်းက ၂၀၁၈ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ဂျီးရီးယား ယူ၁၇အသင်းအတွက် ပါဝင်ကစားပေးခဲ့ရင်းနဲ့ ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့သလို ပြိုင်ပွဲရဲ့ ဒုတိယ အကောင်းဆုံး ကစားသမားဆုအပြင် ဂိုးသွင်းအများဆုံးဆုကိုပါ ပိုင်ဆိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ အိုဆင်မန်ကို ဥရောပ ထိပ်တန်း ကလပ်အသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားလာခဲ့ကြပြီး သူ့ကို ချိတ်ဆက်လာတဲ့ အသင်းထဲမှာ အာဆင်နယ်လည်း ပါဝင်လာခဲ့ပါတယ်။

Lille hotshot Victor Osimhen reveals he rejected a move to Arsenal after speaking to Arsene Wenger | Daily Mail Online

Photo Credit : Daily Mail

အဲ့ဒီအချိန်တုန်းက အာဆင်နယ်အသင်းကို နည်းပြကြီး အာဆင်ဝင်းဂါး ကိုင်တွယ်နေတာဖြစ်ပြီး ဝင်းဂါးက သူ့ကို အာဆင်နယ်အသင်းဆီ ခေါ်ဆောင်နိုင်ဖို့အတွက် သူနဲ့ စကားပြောဆိုမှုတွေ ရှိခဲ့တယ်လို့ အိုဆင်မန်က ဖွင့်ဟသွားခဲ့ပါတယ်။ “ပြိုင်ပွဲ ပြီးဆုံးသွားတဲ့အချိန်မှာ ကျွန်တော်က အာဆင်ဝင်းဂါးနဲ့ စကားပြောမှုတွေ ရှိခဲ့တယ်။ သူက ကျွန်တော့်ကို အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့လာစေချင်တယ်လို့ ပြောခဲ့တယ်။ အဲ့ဒီတုန်းက ကျွန်တော့်မှာ ရွေးချယ်စရာတွေ အများအပြား ရှိနေခဲ့တယ်။ ဘာစီလိုနာ အင်တာမီလန် အသက်လက်တီကို ဂျုဗင်တပ်စ် စသဖြင့်ပေါ့။ အာဆင်နယ်ကလည်း ကျွန်တော့်အတွက်တော့ ကောင်းမွန်တဲ့ ရွေးချယ်ချင်စရာ ဖြစ်ခဲ့တယ်ဆိုပေမယ့် အဲ့ဒီကို သွားဖို့က အကောင်းဆုံးအချိန်တော့ ဖြစ်မနေပါဘူး”

Photo Credit : NaijaBlog

“ကျွန်တော် အသက်(၁၈)နှစ် ပြည့်တော့မယ့်အချိန်မှာ ပွဲထွက်ကစားသမားတစ်ဦးအဖြစ်သာ ကစားချင်မိပါတယ်။ ကျွန်တော်ရဲ့အချိန်တွေကို ကစားပွဲတွေမှာ မြှပ်နှံထားလို့ရနိုင်မယ့် ကလပ်အသင်း တစ်သင်းသင်း ကျွန်တော်ရဲ့ ရုပ်ပိုင်းဆိုင်ရာတွေ တိုးတတ်မှု ရှိလာနိုင်မယ့် အသင်းဆီကိုပဲ ကျွန်တော် ပြောင်းရွှေ့ချင်ခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ ဝုလ်ဖ်ဘတ်က ဒီလိုအချက်အလက်တွေ ရှိနေကြောင်းကို ပြသနိုင်ခဲ့ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ အိုဆင်မန်ဟာ သူရဲ့ စီနီယာ ကစားသမားဘဝကို ဝုလ်ဖ်ဘတ်အသင်းနဲ့ စတင်ခဲ့တာဖြစ်ပြီး နှစ်ရာသီအတွင်း (၁၆)ပွဲ ကစားခဲ့ပေမယ့် ဂိုးတစ်ဂိုးမှတော့ မသွင်းယူနိုင်ခဲ့ပါဘူး။